ဖားကန့်ကျောက်စိမ်းမှော် မြေပြို

  • 7 ဇန်နဝါရီ 2015
Hpakant Jade Mine ဓာတ်ပုံ မူပိုင် Reuters
Image caption ဖားကန့်မှာ ကုမ္ပဏီအများအပြား ကျောက်စိမ်း တူးဖော်နေ

ကချင်ပြည်နယ် ဖားကန့်မြို့ မြောက်ပိုင်း ကျောက်စိမ်းတွင်း ဒေသမှာ ဇန်နဝါရီလ ၆ ရက်နေ့ ညနေပိုင်းက မြေပြိုမှု ဖြစ်ခဲ့တဲ့ အတွက် လူ ၂ဝ ထက်မနည်း မြေပိပြီး အသက်သေဆုံးနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

လောလောဆယ် ရှာဖွေ ကယ်ဆယ်မှုတွေ အရ တော့ အလောင်း ၂ လောင်းကို ပြန်လည် တွေ့ရှိထားတယ်လို့ ရဲက ပြောပါတယ်။

ဖားကန့်မြို့ မမောင်းပြန် ၊ မမောင်းကုန်းဒေသမှာ ပေ ၇၀၀ လောက် မြင့်တဲ့ မြေစာပုံ ပြိုကျရာမှာ ပျောက်ဆုံးနေသူတွေကို ဗုဒ္ဓဟူး မနက်က စပြီး အစိုးရဘက်နဲ့ ကုမ္မဏီတွေ ဘက်က ရှာဖွေရေး လုပ်နေပါတယ်။

မြေပြိုကျရာမှာ ဈေးဆိုင် ၁၁ ဆိုင်နဲ့ အဲဒီဆိုင်တွေမှာ လာရောက် စားသောက်နေကြသူတွေ ပါသွားတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျောက်တူး ကုမ္ပဏီတွေက မြေစာတွေ လာရောက်ပုံ ထားကြတာ ဖြစ်ပြီး အဲဒီ မြေစာတွေရဲ့ အန္တရာယ်ကို ဘယ်သူမှ သတိပေးတာ မရှိသလို ဥပဒေနဲ့ တားမြစ် အရေးယူ တာလည်း မရှိဘူးလို့ လို့ ဖားကန့် ဒေသခံ တစ်ယောက်က ပြောပါတယ်။

ကျောက်တူးမှုတွေကြောင့် မြေစာတွေကို ထင်သလို စုပုံထားကြရာက အခုလို မြေပြိုတာတွေ၊ ရေကြီးရေလျှံတာတွေလည်း ဖားကန့်မှာ ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ၃နှစ်လောက်ကလည်း ဖားကန့်မှာ လူ၈၀ လောက်အထိမြေ ပြိုကြောင့် သေဆုံးခဲ့ရဖူး ပါတယ်။

အခု ဖြစ်စဉ်မှာ ပျောက်ဆုံးနေတဲ့ လူ၂၀ လောက် သေဆုံးနိုင်တဲ့ အန္တရာယ် ရှိနေပေမဲ့ ဒီ့ထက် အရေအတွက် ပိုနိုင်တယ် လို့လည်းခန့်မှန်းမှုတွေ ရှိနေပါတယ်။