ကုလ ကိုယ်စားလှယ်ကို ရခိုင်မှာ ဆန္ဒပြ

  • 8 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် bbc
Image caption ကုလသမဂ္ဂရဲ့ လုပ်ရပ် အပေါ် ကန့်ကွက် ကြောင်း ယန်ဟီးလီကို ပြောပေးဖို့ ဆန္ဒပြ သူတွေက နယ်လုံ ဝန်ကြီးကို တောင်းဆို

ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် ယန်ဟီးလီ ကြာသပတေးနေ့ ညနေ ပိုင်းမှာ ရခိုင် ပြည်နယ် စစ်တွေ မြို့ကို ရောက်ရှိ သွားရာ သူ့ကို ဒေသခံ ရခိုင် တိုင်းရင်းသား တွေက ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ်။

ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မှာ ဘင်္ဂါလီ တွေကို တဖက်သတ် အသား ပေးပြီး ဆုံးဖြတ်ချက် ချတာနဲ့၊ ဌာနေ တိုင်းရင်းသား တွေရဲ့ အကျိုးကို လုံးဝ မကြည့် တာ တွေဟာ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ ကိုယ်စားလှယ် တွေရဲ့ အစီရင်ခံစာ အမှားတွေ ကြောင့် ဖြစ်ကြောင်း ဒီအတွက် အခု ဆန္ဒပြ ခဲ့ကြ တာလို့ ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦး ဖြစ်တဲ့ ဦးစိုးနိုင်ငံ က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ လုပ်ရပ် အပေါ်မှာ လုံးဝ ကန့်ကွက် ကြောင်းကို ရခိုင် ပြည်နယ် အစိုးရ အနေနဲ့ ယန်ဟီးလီကို ပြောပေးဖို့ ဆန္ဒပြ သူတွေက နယ်လုံ ဝန်ကြီးကို တောင်းဆိုခဲ့ ပါတယ်။

ဆန္ဒပြပွဲမှာ သံဃာတွေက ထိန်းသိမ်း ပေးပြီး လူပေါင်း ၁၀ဝ၀ ကျော် လောက် ပါဝင်ခဲ့ တယ်လို့ ဦးစိုးနိုင်က ပြောပါတယ်။ မစ္စ ယန်ဟီးလီ ကို အစိုးရက လုံခြုံရေး ကားတွေနဲ့ ခေါ်ဆောင် သွားပါတယ်။

ကြာသပတေး ညဦးပိုင်း မှာတော့ ရခိုင်ပြည်နယ် အစိုးရ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

သောကြာနေ့ မွန်းလွဲပိုင်း မှာတော့ ရခိုင် ပြည်နယ်က လူမှုရေး အဖွဲ့ အစည်းတွေ အပါ အဝင် စစ်တွေ မြို့မိ မြို့ဖ တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိသလို စစ်တွေ မြို့က အစ္စလာမ် ဘာသာဝင် တွေနဲ့လည်း သီးခြား တွေ့ဆုံမှာ ဖြစ်ပါတယ်။

ယန်ဟီးလီဟာ သောကြာနေ့ မှာပဲ မြေပုံ မြို့ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

ဒုက္ခသည် စခန်း တွေက ဆင်းဆင်း ရဲရဲ နေရ တာကိုပဲ တဖက် သက် ပြောနေ တာမျိုး မလုပ်ဖို့နဲ့ ရခိုင် ဒေသခံတွေ အများ အပြား ဆင်းဆင်း ရဲရဲ နေနေ ရတာ ကိုလည်း ယန်ဟီးလီကို ပြသဖို့ ရခိုင် ပြည်နယ် အစိုးရက ပြင်ဆင် ထားတယ်လို့ ပြည်နယ် အစိုးရ ရုံးက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ