လက်ပံတောင်း ရွာသားတွေ အမှု မဖွင့်ရသေး

  • 10 ဇန်နဝါရီ 2015
_letpadaung
Image caption ခြံစည်းရိုးခတ်တဲ့ဝန်ထမ်းတွေနဲ့ ဖြစ်တဲ့ အပြန်လှန်ပတ်ခတ်

လက်ပံတောင်း ကြေးနီစီမံကိန်း ဧရိယာမှာ ဒီဇင်ဘာလ နှောင်း ပိုင်းက ဒေသခံ တွေနဲ့ ကုမ္ပဏီ ဝန်ထမ်းတွေ အပါအဝင် နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ ရွာသား တွေကို တဖက် ကုမ္ပဏီ က တရားစွဲ လိုက်ပြီး ရွာသား တွေက တန်ပြန် စွဲဆို ထားတဲ့အမှု ကိုတော့ စိစစ် နေဆဲမို့ အမှုဖွင့် မပေးသေးဘူး လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က ဒေသခံ မြေပိုင်ရှင် တွေနဲ့ ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး ခတ်တဲ့ ဝန်ထမ်းတွေနဲ့ ဖြစ်တဲ့ အပြန်လှန် ပစ်ခတ်မှု မှာ တရုတ် ဝန်ထမ်း ၉ ဦးကို နာကျင်အောင် လုပ်လို့ ဆိုပြီး ရွာသား ၁၅ဝ ကို ဆားလင်းကြီး ရဲစခန်းက အမှုဖွင့် လိုက်တာ ဖြစ်ပါတယ်။

တောင်သူ ဒေါ်ခင်ဝင်း ကို လုံခြုံရေး ရဲတပ်ဖွဲ့က သေနတ်ပစ်လို့ သေတဲ့ ကိစ္စနဲ့ ရွာသားတွေ ထိခိုက်တဲ့ အမှု ကိုတော့ တိုင်ချက် ဖွင့်ထားပေမယ့် စိစစ်ဆဲ ဖြစ်လို့ ဆိုင်းငံ့ ထားတဲ့ အကြောင်း စနေနေ့ မှာ သက်ဆိုင်ရာ က အကြောင်းကြား လာတယ် လို့ ဆည်တည်း ရွာသား ကိုအောင်က ပြောပြပါတယ်။

မိုးကြိုးပြင် အလယ်ရွာ က ဒေါ်ခင်ဝင်း သေပြီး နောက် ရက်မှာ ရှေ့နေ ကွန်ယက် နဲ့ ဒေသခံ တွေက ဆားလင်းကြီး ရဲစခန်းကို အမှုသွား တိုင်ကြား ခဲ့ပေမယ့် အထက် အဆင့်ဆင့် ကို အစီရင်ခံရမှာမို့ စောင့်ဆိုင်းပေး ဖို့ တာဝန်ကျ အရာရှိက ပြောခဲ့ပြီး ခုထပ်ပြီး ဆိုင်းငံ့ဖို့ အကြောင်းကြား တာ ဟာ မဖြစ်သင့်လို့ ရှင်းလင်း အောင် မေးပြီး အထက် အဆင့်ဆင့် ကို တိုင်ကြားသွားမယ့် အကြောင်း ရှေ့နေ ကွန်ယက်အဖွဲ့ဝင် ဒေါ်ဟန်စုယဉ် က ပြောပါတယ်။

ဘီဘီစီက ဆားလင်းကြီး ရဲစခန်းမှူးနဲ့ မြို့နယ်မှူး တွေရဲ့ ဖုန်းကို ခေါ်ဆို ခဲ့ပေမယ့် ဖုန်းကိုင် ဖြေကြား ခြင်း မရှိခဲ့ပါဘူး။

လက်ပံတောင်း ဒေသခံတွေ ကတော့ အမှုမှန် ဖော်ထုတ် ပေးဖို့ နဲ့ မြေယာ သိမ်းဆည်းမှုတွေ ရပ်တန့်ဖို့ ဆည်တည်းနဲ့ တုံရွာ ကြား မှာ သပိတ်စခန်း ဖွင့်ပြီး တောင်းဆိုနေဆဲ ဖြစ်တယ် လို့ ဒေသခံ တွေက ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ