အမေ​ရိ​ကန်-မြန်မာ လူ့​အခွင့်​အရေး ဆွေးနွေး​ပွဲ ၂ ကြိမ်​မြောက် ကျင်းပ​မယ်

  • 10 ဇန်နဝါရီ 2015
malinowski
Image caption မာလီ နော့စကီးနဲ့ အဖွဲ့ဟာ ရန်ကုန်နဲ့ မြစ်ကြီးနား မြို့တွေ မှာ လှုပ်ရှား တက်ကြွ သူတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမယ်။

အမေရိကန် မြန်မာ ၂ နိုင်ငံ အကြား ဒုတိယ အကြိမ် မြောက် လူ့ အခွင့်အရေး ဆိုင်ရာ ဆွေးနွေး ပွဲ ကို လာမယ့် သီတင်းပတ် ဇန်နဝါရီ ၁၄ ရက် နဲ့ ၁၅ ရက် တို့မှာ နေပြည်တော် မှာ ပြုလုပ် ပါလိမ့် မယ်။

ဒီ ဆွေးနွေးပွဲ ကို တက်ရောက် ဖို့ အမေရိကန် နိုင်ငံခြား ရေးဌာန ရဲ့ ဒီမိုကရေစီ၊ လူ့ အခွင့် ရေး နဲ့ အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွမ် မာလီ နော့စကီး ဦးဆောင် လာတဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဇန်နဝါရီ ၁၁ ရက် နေ့မှာ မြန်မာ နိုင်ငံ ကို ရောက်လာ ဖို့ ရှိပါတယ်။

သူတို့ဟာ မြန်မာ အစိုးရ ကိုယ်စားလှယ် တွေနဲ့ မတွေ့ဆုံခင် မြန်မာပြည် မှာ ဖြစ်ပျက် နေတဲ့ လူ့ အခွင့်အရေး ဆိုင်ရာ ကိစ္စရပ် တွေ နဲ့ ပတ်သက်ပြီး အမြင်ပေါင်းစုံ ကို သိရှိ နိုင်ဖို့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တွေ၊ လူထု အခြေပြု လူမှု အဖွဲ့ အစည်းတွေ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ ရန်ကုန်နဲ့ မြစ်ကြီးနား မြို့တွေ မှာ တွေ့ဆုံ သွားမယ် ဆိုပြီး မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး က သတင်း ထုတ်ပြန် ထားပါတယ်။

အဓိက အနေနဲ့ မြန်မာနိုင်ငံက ခေတ်မမီတော့တဲ့ ဥပဒေတွေ ကိစ္စ၊ မြေယာ သိမ်းဆည်းမှု ကိစ္စ တွေနဲ့ တက်ကြွ လှုပ်ရှားသူ တွေ၊ လယ်သမား အလုပ်သမား တွေကို ဖမ်းဆီး ထောင်ချ နေတဲ့ ကိစ္စတွေ အပြင် လူနည်းစု လူမျိုးစု တွေရဲ့ ပြသနာ တွေကို ဆွေးနွေး သွားမှာ ဖြစ်ကြောင်း အေဂျင်စီ သတင်း တွေမှာ ဖော်ပြ ထားပါတယ်။

မြန်မာ အစိုးရ ကိုယ်စားလှယ် တွေနဲ့ သာမက၊ လူ့အခွင့် အရေး ဆိုင်ရာ လှုပ်ရှား တက်ကြွ နေသူ တွေနဲ့ပါ တွေ့ဆုံပြီး အသံတွေကို နားထောင်မှာ ဖြစ်လို့ ၂ ဘက် အစိုးရ အပေါ် ပိုမို ကောင်းမွန် တဲ့ အကြံပြုချက် တွေ ပေးနိုင်မယ် လို့ မျှော်လင့်ရ ကြောင်း တက်ကြွ လှုပ်ရှားသူ တစ်ဦး ဖြစ်တဲ့ မဇင်မာ အောင် က ပြောပါတယ်။

အခုလို အမေရိကန် လူ့ အခွင့်အရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံ ကို လာရောက် ချိန်မှာပဲ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ လည်း မြန်မာပြည် မှာ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ