ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်

  • 10 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ရခိုင်နဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေတွေကို မစ္စ ယန်ဟီးလီး သွားရောက်ကြည့်ရှု

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီးဟာ ဒီကနေ့ စနေနေ့မှာ စစ်တွေ မြို့က ရခိုင်နဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေတွေကို ကြည့်ရှု ခဲ့ပါတယ်။

ရခိုင် ပြည်နယ် အစိုးရ တာဝန် ရှိသူတွေ၊ စစ်တွေ မြို့မိ မြို့ဖ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး နှစ်ဘက် တင်ပြ ချက်တွေ ကို နားထောင်ခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်က သူတို့ကို ဘင်္ဂါလီ အစား ရိုဟင်ဂျာအဖြစ် နိုင်ငံသားကတ်ထဲမှာ ထည့်သွင်းခွင့် ရရေး၊ မြန်မာနိုင်ငံတဝှမ်း လွတ်လပ်စွာ ခရီးသွားလာခွင့် ရရေး၊ လုံခြုံမှု ရှိရေးတွေအတွက် မစ္စ ယန်ဟီးလီးကို တင်ပြ ခဲ့ပါတယ်။

အဲဒီနောက် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေ၊ စစ်တွေ မြို့မိ မြို့ဖတွေ၊ ရခိုင် ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ရာမှာ မစ္စ ယန်ဟီးလီးက ဘင်္ဂါလီတွေကို လူသားအခွင့်အရေးတွေ ပေးဖို့၊ ကိုယ့်နာမည် ကိုယ် သတ်မှတ်ခွင့် ပြုဖို့၊ မြန်မာနိုင်ငံသား လျှောက်ထားရာမှာ တန်းတူ အခွင့်အရေး ပေးဖို့ တွေကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ရခိုင် ဒေသခံတွေဘက်ကလည်း ဘင်္ဂါလီတွေကို လူသားချင်း စာနာတဲ့အတွက် ရခိုင်ပြည်နယ်မှာ နှစ်ရှည်လများ နေထိုင်ခွင့် ပေးခဲ့ကြောင်း၊ ဘင်္ဂါလီဟာ ဘင်္ဂါလီ အဖြစ် ခံယူရင် ရခိုင်ဒေသခံတွေဘက်က ကန့်ကွက်စရာ မရှိသလို အစိုးရကလည်း ခွင့်ပြုပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား မဖြစ်သေးတဲ့ ဘင်္ဂါလီတွေကို လွတ်လပ်စွာ သွားလာခွင့် မပေးတာဟာ တရား နည်းလမ်းကျကြောင်း မစ္စ ယန်ဟီးလီးကို ပြန်လည် တင်ပြ ဆွေးနွေး ခဲ့တယ်လို့ စစ်တွေ မြို့မိမြို့ဖ တဦး ဖြစ်သူ ဦးသန်းထွန်းက ဘီဘီစီကို ပြောပါတယ်။

မစ္စ ယန်ဟီးလီးရဲ့ ပထမတခေါက် ခရီးစဉ်တုန်းက ဘင်္ဂါလီတွေနဲ့ပဲ အများစု တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ ပြောစကားတွေအတိုင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ကြောင်း၊ အခုတခေါက်မှာတော့ ရခိုင်ဒေသခံတွေနဲ့လည်း အချိန်ပေး တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တာကြောင့် တိုးတက်လာတယ်လို့ ဆိုနိုင်ကြောင်း ဒါပေမယ့်လည်း အစီရင်ခံစာ ထွက်လာပြီးမှသာ မစ္စ ယန်ဟီးလီးအနေနဲ့ ဘက်လိုက်မှု ရှိ မရှိ ဆိုတာကို အကဲဖြတ် ပြောနိုင်မှာ ဖြစ်ကြောင်း ဦးသန်းထွန်းကပြောပါတယ်။

မစ္စ ယန်ဟီးလီးဟာ သူ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဇန္နဝါရီလ ၁၆ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မှာ ဖြစ်ပါတယ်။