ANP ပါတီက နိုင်ငံတကာ နဲ့ မဆက်ဆံရေးမူ ချမှတ်

  • 11 ဇန်နဝါရီ 2015
Image caption ပြည်နယ် အစိုးရဟာ ရခိုင် အရေးကို ကစား ကွက် တစ်ခု လို သဘော ထားပြီး ကစားဖို့ ပြင်ဆင်နေ

ရခိုင် ပြည်နယ်က အင်အားကြီး ပါတီ တစ်ခု ဖြစ်တဲ့ ရခိုင် အမျိုးသား ပါတီ ANP က နိုင်ငံ တကာ အဖွဲ့ အစည်းတွေ၊ သံတမန် တွေနဲ့ တွေ့ဆုံ ဆွေးနွေး ရေးတွေကို ရပ်ဆိုင်းပြီး မဆက်ဆံရေး မူကို ကျင့်သုံး သွားတော့ မယ်လို့ ပြောပါတယ်။

ANP အနေနဲ့ အခုလို မဆက်ဆံရေး မူကို ကျင့်သုံး သွားမှာ ဖြစ်တဲ့ အကြောင်း ဇန်နဝါရီလ ၉ ရက်နေ့ က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ ရေးသား ပေးပို့တဲ့ အိတ်ဖွင့် ပေးစာမှာ ဖေါ်ပြ ထားတာ ဖြစ်ပါတယ်။

လက်ရှိ ပြည်ထောင်စု အစိုးရနဲ့ ရခိုင် ပြည်နယ် အစိုးရဟာ ရခိုင် အရေးကို ယခင် အစိုးရ တွေလို ကစားကွက် တစ်ခုကဲ့သို့ သဘော ထားပြီး ကစားဖို့ ပြင်ဆင် လာတာ ကို တွေ့ရ တယ်လို့ ANP ဥက္ကဌက ပြောပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးက ဆုံးဖြတ် ခဲ့တဲ့ ရခိုင် ပြည်နယ် ထဲက မွတ်ဆလင်တွေ ကို ရိုဟင်ဂျာ အမည်နဲ့ နိုင်ငံသား ပေးဖို့၊ တစ်ခြား လူမျိုး တွေလို လွတ်လပ် စွာ သွားလာခွင့် ပေးဖို့ တောင်းဆိုမှု တွေ အပေါ်မှာ ရခိုင် ပြည်နယ် အစိုးရရဲ့ သဘော ထားကို ရှင်းရှင်း လင်းလင်း ထုတ်ပြန် ပေးဖို့ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဆီကို ရခိုင် အမျိုးသား ပါတီက စာရေးသား တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

ချမှတ် ထားတဲ့ မဆက်ဆံရေး မူကိုတော့ ပါတီ အနေနဲ့ ပြတ်ပြတ် သားသား ကိုင်စွဲ သွားမယ် လို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ် အစိုးရ ကတော့ ခုချိန်ထိ စာ အပေါ်မှာ တစ်စုံ တစ်ရာ တုံ့ပြန် မှုတွေ ပြုလုပ် တာတော့ မရှိသေး ဘူးလို့ သိရပါတယ်။

ရခိုင် အမျိုးသား ပါတီ အနေနဲ့ ရခိုင် ပြည်သူ တစ်ရပ်လုံး ကိုလည်း သူတို့ ချမှတ် ထားတဲ့ နိုင်ငံ တကာ အဖွဲ့ အစည်း တွေနဲ့ မဆက်ဆံရေး မူကို လိုက်နာ ကျင့်သုံး ကြဖို့ တိုက်တွန်း ဆောင်ရွက် သွားမယ် လို့လည်း ဆိုပါတယ်။

ခုလိုသာ ဖြစ်လာရင် ရခိုင် ပြဿနာဟာ ကြက်ဥကို အစရှာ မရ သလို ဖြေရှင်းဖို့ အထူး ခက်ခဲ သွားနိုင် တယ်လို့ လေ့လာ သုံးသပ် သူတွေက ပြောဆို နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ