ရန်ကုန်​စ​တော့​အိတ်​ချိန်း ဖွင့်​ဖို့ ပြင်ဆင်​မှု​တွေ လုပ်

  • 11 ဇန်နဝါရီ 2015
yangon_stock_exchange
Image caption ရန်ကုန် စတော့ အိတ်ချိန်း ကို မြန်မာ့ စီးပွားရေး ဘဏ်က ၅၁% ပိုင်ဆိုင် ထားပြီး၊ ဂျပန် ဒိုင်ဝါ ကော်ပိုရေးရှင်း နဲ့ တိုကျိုစတော့ အိတ်ချိန်း နှစ်ခု ပေါင်းက ၄၉% ပိုင်ဆိုင် ထားတာပါ။

မြန်မာနိုင်ငံ ရဲ့ ပထမဆုံး စတော့ အိတ်ချိန်း စျေးကွက် ကို ၂၀၁၅ အောက်တိုဘာ လထဲ မှာ စတင် ဖွင့်လှစ် နိုင် ဖို့ အတွက် ကြိုတင် ပြင်ဆင်မှု တွေ လုပ်နေ ကြပါတယ်။ ရှယ်ယာ ရောင်းသူ နဲ့ ဝယ်သူတွေ အကြား ဝန်ဆောင်မှု ပေးရမယ့် လုပ်ငန်း လိုင်စင် ၄ မျိုး ကို လျှောက်ထား ဖို့ မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ကနေ ခေါ်ယူ ပါလိမ့်မယ်။

ဒီလိုင်စင် ကို အများပိုင် ကုမ္ပဏီတွေ ကသာ လျှောက်ထားခွင့် ရှိတာ ဖြစ်ပြီး မြန်မာနိုင်ငံ မှာ လက်ရှိ အများပိုင် ကုမ္ပဏီ ပေါင်း ၂၀၀ ဝန်းကျင် လောက် ရှိနေတယ် လို့ ကော်မရှင် ဥက္ကဌ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိန်း က ပြောပါတယ်။

စတော့ စျေးကွက် ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် ၄ မျိုး လျှောက်ထားမယ် ဆို လိုင်စင် အမျိုးအစား အပေါ် မူတည်ပြီး ရင်းနှီး မတည်ငွေ အနေနဲ့ မြန်မာကျပ်ငွေ သန်း (၃၀) ကနေ (၁၅)ဘီလျံ အထိ ရှိရမှာ ဖြစ်ပါတယ်။

သတ်မှတ် ထားတဲ့ အချက်တွေ နဲ့ ကိုက်ညီ နိုင်တဲ့ အများပိုင် ကုမ္ပဏီ ၁၀ ခု လောက် ရှိတယ် ဆိုပြီး ဒေါက်တာ မောင်မောင်သိန်း က ဆိုပေမယ့်၊ စီးပွားရေး နဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ မောင်အောင် ကတော့ လောလောဆယ် ပြည်တွင်းက အများပိုင် ကုမ္ပဏီ အများစုဟာ ဆွေမျိုး သားချင်းတွေ နဲ့ ဖွဲ့စည်း ထားတာ ဖြစ်သလို၊ ငွေဖြူငွေမည်း ကိစ္စလို ဖြေရှင်း စရာတွေ ရှိနေတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

အခု ဖွင့်ဖို့ ပြင်ဆင်နေတဲ့ စတော့ အိတ်ချိန်းကို ရန်ကုန် စတော့ အိတ်ချိန်း လို့ ခေါ်မှာပါ။ ရန်ကုန် စတော့ အိတ်ချိန်း ကို ဘဏ္ဍာရေးနဲ့ အကောက်ခွန် ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ မြန်မာ့ စီးပွားရေး ဘဏ်က ၅၁% ပိုင်ဆိုင် ထားပြီး ဂျပန် ဒိုင်ဝါ ကော်ပိုရေးရှင်း နဲ့ တိုကျိုစတော့ အိတ်ချိန်း နှစ်ခု ပေါင်းက ၄၉% ပိုင်ဆိုင် တာဖြစ်ပါတယ်။

ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် လျှောက်လွှာ တွေကို မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ကနေ ဇန်နဝါရီ (၁၉) ရက်နေ့ မှာ စတင် လက်ခံမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ