ရိုဟင်ဂျာ ၁၀၀ နီးပါး ထိုင်းမှာ ဖမ်းမိ

  • 12 ဇန်နဝါရီ 2015
Rohingya Refugees
Image caption ရိုဟင်ဂျာ ဒုက္ခသည် စခန်း

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က လာတဲ့ လူကုန်ကူးခံရသူတွေလို့ ယူဆရသူ ရိုဟင်ဂျာ ၉၈ ယောက်ကို ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖမ်းဆီးမိကြောင်း နယ်မြေခံ ရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီး ခံရသူတွေထဲမှာ ကလေး ၃၀ ကျော်ပါဝင်ပြီး အမျိုးသမီးတွေလည်း အတော်များများ ပါဝင်တယ်လို့ ထိုင်းနိုင်ငံက ရဲ အရာရှိက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း နခေါန်းစီးထမ်းရတ် ခရိုင်မှာ ကား ၅ စီးနဲ့အတူ ထိုင်းရဲတွေက ဖမ်းဆီးရမိခဲ့ရာမှာ ကားထဲမှာ ကြပ်သိပ်ပြီး တင်လာတဲ့ အတွက် လူ တစ်ယောက် သေဆုံးသွားခဲ့ပြီး အယောက် ၂၀ နီးပါးကိုလည်း ဆေးရုံမှာ ဆေးကုသပေးနေရပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံ ရနောင်းမြို့က နာမည်ကြီး လူမှောင်ခိုဂိုဏ်းက မလေးရှားကို ပို့ဖို့ ခိုးသွင်းလာတာလို့ ယူဆရကြောင်းနဲ့ သူတို့ကို ထိုင်း လူမှု ကယ်ဆယ်ရေး ဝန်ကြီးဌာနက အကူအညီပေးနိုင်ဖို့ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း ထိုင်း ရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။

ဒီလူတွေကို ခေါ်လာတဲ့ တရားခံတွေကို ဖမ်းဆီးနိုင်ဖို့လည်း စုံစမ်းစစ်ဆေး နေတယ်လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာတွေကို အရောင်းအဝယ်လုပ်နေတဲ့သဘောဖြစ်လို့ လူကုန်ကူးမှုမြောက် တယ်လို့ ရိုဟင်ဂျာအရေးကို အမြဲထောက်ပြဆောင်ရွက်နေသူ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ စူရဖုန်း ကောင်းကျန်းထွတ်က ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူကုန်ကူးမှု အစီအစဉ်တကျ လုပ်နေလို့ ထိုင်းနိုင်ငံထဲကို ဖြတ်သန်း သွားလာ နိုင်တာဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေ၊ ရိုဟင်ဂျာ ပွဲစားတွေနဲ့ ထိုင်းနိုင်ငံသားတွေ ပါဝင်ပတ်သက်နေတယ်လို့ ရှေ့နေ စူရဖုန်း ကောင်းကျန်းထွတ်က ပြောပါတယ်။

လူမှောင်ခိုဂိုဏ်းကို အစိုးရတာဝန်ရှိသူတွေက ပြတ်ပြတ် သားသား မကိုင်တွယ်နိုင်ဘူး ဆိုရင် ရိုဟင်ဂျာ လူကုန်ကူးမှုက ဆက်လက်ရှိနေဦးမယ်လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံထဲကို လှေစီးပြီး ရောက်လာတဲ့သူတွေထဲမှာ မြန်မာနိုင်ငံက လာတဲ့သူတွေရှိ သလို ဘင်္ဂလာဒေ့ရှ်သားတွေလည်း ပါတယ်လို့ ရှေ့နေကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ