အနှစ်မရှိတဲ့ ဆွေးနွေးပွဲလို့ NLD ဝေဖန်

  • 13 ဇန်နဝါရီ 2015
NLD Statement
Image caption သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးခေါင်းဆောင်များ

သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲဟာ အနှစ်သာရ ရှိတဲ့ ဆွေးနွေးပွဲအဖြစ် မသတ်မှတ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်နေခြင်း အကြောင်းရင်းတွေထဲမှာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲလိုစိတ် အားနည်းမှု နဲ့ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့လည်း လူထုဆန္ဒကို အလေးမထားတာတွေ ပါဝင်တယ်လို့ အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အစိုးရက လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာ၊ အုပ်ချုပ်ရေးက တရားစီရင်ရေးပိုင်းတွေမှာ ဝင်စွက်ဖက်တာ၊ လွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွေကို မဆောင်ရွက်တဲ့ အကြောင်း ဝေဖန်ထောက်ပြထားပါတယ်။

NLD ပြောခွင့််ရ ဦးဉာဏ်ဝင်းကလည်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရပ်တန့်နေတာဟာ အမှန်တကယ် စေတနာထား ဆောင်ရွက်မှု မရှိတာနဲ့ ဥပဒေစိုးမိုးမှု မရှိတာတွေကြောင့်လို့ ဆိုပါတယ်။

အခုလို ထုတ်ပြန်တာဟာ အစိုးရရဲ့ အနေအထားအပေါ် ပြည်သူလူထု အမှန်တကယ် သိမြင်အောင် ပြုလုပ်တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကလည်း အစိုးရဘက်နဲ့ လွှတ်တော်၊ အတိုက်အခံပါတီတွေရဲ့ကြား သဘောထားကွဲပြားမှုက ထင်ထင်ရှားရှား ဖြစ်လာတယ်လို့ ပြောပါတယ်။

လွှတ်တော်နဲ့ ပါတီတွေက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပြောနေချိန်မှာ အစိုးရဟာ ပြည်ထောင်စုရဲ့ တကယ့်ပြဿနာတွေကို ဘေးဖယ်ထားပြီး အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နိုင်တယ်ဆိုတာ ပြသဖို့အတွက် ရှေ့တန်းတင် ဆောင်ရွက်ခြင်းဟာ နိုင်ငံရေးအကျိုးအမြတ်ရလိုမှုကြောင့် ဖြစ်နိုင်တယ်လို့ ဒေါက်တာ အေးမောင်က သုံးသပ်ပြောဆိုပါတယ်။