ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုတွေကို ထိန်းညှိ

  • 13 ဇန်နဝါရီ 2015
security ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံတော်အခမ်းအနားတွေအတွက် လုံခြုံရေးကိုတော့ ရဲတပ်ဖွဲ့ကပဲ ယူပါသေးတယ်။

မြန်မာနိုင်ငံမှာ လုံခြုံရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အစိုးရနဲ့ပုဂ္ဂလိကတွေ ပူးပေါင်းတဲ့ အဖွဲ့ပေါ်ပေါက်လာရေးနဲ့ လုံခြုံရေးလုပ်ငန်းဆိုင်ရာ ဥပဒေပေါ်ပေါက်လာရေး အတွက် လုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေက တာဝန်ရှိသူတွေ ရန်ကုန်မြို့ စဲန်ထရယ်ဟိုတယ်မှာ ဇန္နဝါရီလ ၁၃ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

Private Security Services in Myanmar ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ အခုလက်ရှိ လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းတွေ ပေးနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကို စနစ်တကျ ဥပဒေနဲ့ အညီ ဖြစ်အောင် ဘယ်လို လုပ်ကြမလဲဆိုတာကို ဆွေးနွေးကြတာဖြစ်တယ်လို့ ပါဝင်ဆွေးနွေးခဲ့တဲ့ Professional Security Service (Myanmar) ကုမ္ပဏီ က ဒေါ်ဝါဝါသင်းက ရှင်းပြပါတယ်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်းတွေဟာ စျေးရုံ၊ ဆိုင်ခန်း၊ ရုံး နဲ့ စီးပွားရေး အဆောက်အဦတွေကို စောင့်ကြည့် လုံခြုံရေးယူပေးရတဲ့ အလုပ်တွေကို အဓိက ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption နောက်ပိုင်းမှာ ဒီလိုနေရာတွေမှာ ပုဂ္ဂလိက လုံခြုံရေးတွေ တွေ့လာရနိုင်ပါတယ်။

နိုင်ငံတကာမှာလို အရေးကြီး ပုဂ္ဂိုလ်တွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ နိုင်ငံရေးသမားတွေရဲ့ ကိုယ်ရေးလုံြခုံရေး အစောင့်အရှောက်အဖြစ် လုပ်ကိုင်ရတာ မရှိသေးသလို လက်နက်ကိုင်ဆောင်ပြီး စောင့်ကြည့်တဲ့ အခြအနေမျိုးလည်း မရှိသေးပါဘူး။

ဒီ လုပ်ငန်းတွေကို လုပ်ကိုင်ရာမှာ နိုင်ငံတကာ အဆင့်နဲ့ ညီအောင် ဘယ်လို နည်းစနစ်တွေ၊ သင်တန်းတွေနဲ့ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြား ပေးသွားနိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဒေါ်ဝါဝါသင်းက ပြောပါတယ်။

အကြမ်းဖက်မှု ကာကွယ်ရေး၊ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာလည်း ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ အကူအညီကို ရယူတာ မရှိသေးပဲ တခြား နိုင်ငံသားတွေလိုပဲ ကိုယ့်ဟာကိုယ် လုံခြုံရေးအသိ၊ သတိနဲ့ ဆောင်ရွက်ဖို့ ပြောပါတယ်လို့ ဒေါ်ဝါဝါသင်းက ပြောပြပါတယ်။

နိုင်ငံတကာမှာတော့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို နိုင်ငံတော်လုံခြုံရေးမှာ ငှားရမ်းအသုံးပြုတဲ့အပြင် စစ်မြေပြင် အငှားစစ်သားတွေ အဆင့်အထိ အသုံးပြုတာမျိုး ရှိနေပေမယ့် မြန်မာနိုင်ငံမှာတော့ အဲ့ဒီအထိ လောလောဆယ်မဖြစ်နိုင်သေးဘူးလို့ လုံခြုံရေးကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။