ခါကာဘိုရာဇီ ယူနက်စကို စာရင်း တင်မယ်

  • 13 ဇန်နဝါရီ 2015
kachin ဓာတ်ပုံ မူပိုင်
Image caption ကချင်ပြည်နယ်မှာ သဘာဝ အမွေအနှစ် ပေါကြွယ်

မြန်မာပြည် မြောက်ဖျားစွန်းက ပေ ၁၉,ဝဝဝ ကျော် မြင့်မားတဲ့ ခါကာ ဘိုရာဇီ ရေခဲတောင် ဒေသကို ယူနက်စကို ကမ္ဘာ့ အမွေအနှစ် ထိန်းသိမ်းရာ ဒေသ အဖြစ် တင်သွင်း ဖို့ မြန်မာ နိုင်ငံက ကြိုးစား နေပါတယ်။

ဖေဖော် ဝါရီ လလယ်မှာ ယူနက်စကို က ပညာရှင် တွေနဲ့ သစ်တော ဌာန ပူးပေါင်းပြီး ဒီ အမျိုးသား ဥယျာဉ် ဒေသ မှာ ကွင်းဆင်း လေ့လာကြမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ သဘာဝ အတိုင်း ထိန်းသိမ်းထားတဲ့ နယ်မြေ ၃၉ ခု အနက် ကမ္ဘာ့ အဆင့်မီ သတ်မှတ် နိုင်တဲ့ နေရာ ၇ ခုကို ယူနက်စကိုမှာ စာရင်းသွင်း ဖို့ ကြိုးစား နေပြီး ဒီထဲက ခါကာ ဘိုရာဇီ ဒေသဟာ တရုတ်၊ အိန္ဒိယ၊ အရှေ့တောင် အာရှ ဇီဝ မျိုးကွဲတွေ စုံလင်တဲ့ တြိဂံ နယ်မြေ ဖြစ်လို့ ထူးခြား အရေးပါတယ်လို့ သဘာဝနဲ့ သားရဲ တိရစ္ဆာန် ထိန်းသိမ်းရေး ဌာန ညွှန်ကြား ရေးမှူး ဦး ဝင်းနိုင်သော်က ပြောကြား ပါတယ်။

ဂေဟ စနစ် မျိုးစုံ ဖြစ်ထွန်းတဲ့ ဒီဒေသမှာ ပန်ဒါနီ၊ ရေခဲတောင် ဆိတ်၊ ရှားပါး သစ်ခွနက် စတဲ့ အဖိုးတန် တိရစ္ဆာန် တွေနဲ့ သစ်ပင်တွေ ရှိသလို မျိုးစိတ် အသစ်တွေ လည်း ထပ်ပြီး တွေ့ရှိ နေရဆဲ ဖြစ်ပါတယ်။

လူမျိုး အားဖြင့်လည်း ရဝမ်၊ ထရုံ စတဲ့ လူမျိုးစု တွေရဲ့ ယဉ်ကျေးမှု တွေ တည်ရှိ နေပါတယ်။

လုပ်ငန်းစဉ် အဆင့်ဆင့် ကို လိုက်ပြီး ၂ နှစ်အတွင်း ခါကာ ဘိုရာဇီကို ယူနက်စကို စာရင်းသွင်း နိုင်အောင် ကြိုးစား သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ