လက်ပံတောင်း ဒေါ်ခင်ဝင်း သေဆုံးမှုကို အရေးယူဖို့ ကော်မရှင်အကြံပြု

  • 14 ဇန်နဝါရီ 2015
Letpadaung Commission ဓာတ်ပုံ မူပိုင် burmese
Image caption ဒေါ်ခင်ဝင်းဟာ သေနတ်မှန်ပြီး သေဆုံးခဲ့

ဒီဇင်ဘာလ ၂၂ ရက် နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခအတွင်း မိုးကြိုးပြင်အလယ်ရွာက ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ဥပဒေအရ အရေးယူဖို့ မြန်မာနိုင်ငံ လူအခွင့်ရေးကော်မရှင်က အကြံပြုတိုက်တွန်းလိုက်ပါတယ်။

ဒီပဋိပက္ခမှာ လူအခွင့်ရေးချိုးဖောက်တာတွေရှိမရှိစုံစမ်းဖို့ ကော်မရှင်စုံစမ်းရေးအဖွဲက ဒီဇင်ဘာလ ၃၀ ရက် နေ့ကနေ ဇန်နဝါရီ ၂ရက် နေ့အထိ ဆားလင်းကြီးမြို့နယ်ဘက်ကို ၄ ရက်ကြာ သွားရောက်လေ့လာပြီးနောက် အခုလို ကြေညာချက်ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးမှုဟာ လူအခွင့်ရေးချိုးဖောက်ခံရမှု ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူအခွင့်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ ဝင် ဒေါက်တာဉာဏ်ဇော်က ပြောပါတယ်။

ပဋိပက္ခအတွင်း လုံခြုံရေးစီမံချက်တွေကို အကောင်ထည်ဖော်ဖို့ အားနည်းခဲ့တဲ့ ကွပ်ကဲမှူအဖွဲနဲ့၊ နောက်ပြီး ညွန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွတ်ခြင်းမရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်အရေးယူဖို့လည်း ကော်မရှင်က အကြံပြုထားပါတယ်။

ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲဝင်တစ်ဦးဟာ ရွာသားတွေဘက်က တိုက်ခိုက်မှုကြောင့် မျက်လုံးတစ်လုံး ကျွတ်ထွတ်သွားခဲ့ရပါတယ်။

ရဲတပ်ဖွဲဝင်တွေဟာ ရွာသားတွေနဲ့ တိုက်ခိုက်စဉ်မှာ ရိုင်ဖယ် ကျည် ၁၇ တောင့် အသုံးပြုခဲ့ပြီး အဲဒီအထဲက ကျည်တစ်တောင့်ဟာ ဒေါ်ခင်ဝင်းကို မတ်တပ်ရက်အနေအထားမှာ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို သမ္မတရုံးကို ပေးပို့ထားတယ်လို့လည်း မြန်မာနိုင်ငံ လူအခွင့်ရေးကော်မရှင်က ပြောပါတယ်။