ဖားကန့်အနီး KIA နဲ့ အစိုးရတိုက် ကြပြန်

  • 15 ဇန်နဝါရီ 2015
Image caption KIO နဲ့မြန်မာ အစိုးရကြား အပစ်ရပ်ရေး အလှမ်း ဝေးဆဲ

ဖားကန့်မြို့နဲ့ ဆယ်မိုင်ကျော် အကွာမှာ ရှိတဲ့ အောင်ဘာလေ၊ ကံစီး၊ သန်းကောင် စတဲ့ ရွာတွေ အနီးမှာ ကေအိုင်အေ တပ်ရင်း ၆ နဲ့အစိုးရ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်နေ ပါတယ်။

ဗုဒ္ဓဟူးနေ့ တုန်းက ကချင် ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကမန်း ဒူနော်ကို ကေအိုင်အေ က အဲဒီ ဒေသမှာ ခေတ္တ ဖမ်းဆီးပြီး ပြန်လွှတ်ခဲ့ ပေမယ့် သူနဲ့ လုံခြုံရေး လိုက်ပါ သွားတဲ့ ဒုရဲအုပ် တဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး ကိုတော့ ဆက်ဖမ်း ထားဆဲ ဖြစ်ပါတယ်။

အစိုးရ ဖက်က ၁၀၅ မမ နဲ့ ၈၁ မမ အမြောက်ကြီး တွေကို အသုံးပြု တိုက်ခိုက် ခဲ့တယ် လို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး က ဘီဘီစီကို ပြောပါတယ်။

မနက် ၆ နာရီခွဲ လောက်က တိုက်ပွဲစခဲ့ပြီး နေ့လည် ၁ နာရီကော် အထိ လက်နက်ကြီးနဲ့ ကြိုးကြား ပစ်နေဆဲဘဲလို့ သူကပြောပါတယ်။

လူထုကို ထိမှာ စိုးတဲ့အတွက် ကျေးရွာတွေနဲ့ နီးတဲ့စခန်း တွေကနေ ဆုတ်ခွာပေးခဲ့ တယ်လို့လည်း သူကဆိုပါတယ်။

အဲဒီ တိုက်ပွဲ ဖြစ်တဲ့ ဒေသက ကျေးရွာ တွေမှာ ရွာသား တထောင်ကျော် လောက် ပိတ်မိ နေပြီး သူတို့ဟာ ခရစ်ယာန် ဘုရားရှိခိုး ကျောင်း တွေမှာ ခိုလှုံ နေကြ ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ကေအိုင်အေ နည်းပညာ အထောက်အကူ အဖွဲ့က ဦးဒေါင်းခါး ကတော့ အစိုးရအနေနဲ့ ဖားကန့် ဒေသမှာ နယ်မြေ စိုးမိုးရေး အတွက် ဆောင်ရွက် ချင်တာ ဖြစ်တယ်လို့ပြောပါတယ်။

သူတို့ဖက်က ဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကို PCG ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ရဲ့ အကူအညီ နဲ့ ပြန်လွှတ်ပေးဖို့ လုပ်ပေမယ့် တိုက်ပွဲတွေကြောင့် လမ်းကြောင်းပျောက်နေတယ် လို့ သူကဆိုပါတယ်။