မြန်မာ​ပြည် မှာ လွတ်လပ်​စွာ ထုတ်ဖော်​ခွင့် ဖိ​နှိပ် ခံ​နေ​ရ​ကြောင်း AHRC ထုတ်​ပြန်

  • 16 ဇန်နဝါရီ 2015
_hitn_lin_oo_ ဓာတ်ပုံ မူပိုင် Htin Lin Oo fb
Image caption သူ့ရဲ့ ဟောပြောမှု အတွက် သံဃာတချို့ စိတ်ထိခိုက် ခဲ့ရတဲ့ အပေါ် ဦးထင်လင်းဦး က ကန်တော့ တောင်းပန်ခဲ့။

မြန်မာနိုင်ငံ မှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကို ဘာသာရေး အကြောင်း ပြချက် နဲ့ တိုက်ခိုက် ဖို့ရာ တရားရုံး တွေ ကို အသုံးချမှု တွေ တိုးမြင့် လာနေ တဲ့ အပေါ် အတော် စိုးရိမ် ပူပန်ကြောင်း အာရှ လူ့အခွင့် အရေး ကော်မရှင် AHRC က ထုတ်ပြန် လိုက်ပါတယ်။

ဒါ့အပြင်၊ ဗုဒ္ဓဘာသာ ကို အကြည်ညို ပျက်စေမှု နဲ့ ဖမ်းဆီး တရားစွဲ ခံနေရတဲ့ NLD ပါတီ ရဲ့ ပြန်ကြားရေး တာဝန်ခံ စာရေးဆရာ ထင်လင်းဦး ကို အမြန်ဆုံး ပြန်လွှတ် ပေးဖို့ သက်ဆိုင်ရာ မြန်မာ အာဏာပိုင် တွေဆီ လူအများ က ဝိုင်းဝန်းပြီး စာရေးသား တောင်းဆို ကြဖို့ လည်း AHRC က တိုက်တွန်း လိုက်ပါတယ်။

AHRC အနေနဲ့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ရုံးတွေ ဆီကို သီးသန့် စာတွေ ပို့ပြီး၊ ဦးထင်လင်းဦး ရဲ့ အမှုမှာ ကြားဝင် ဆောင်ရွက်ပေးဖို့ တောင်းဆို သွားမယ် ဆိုပြီး တော့လည်း AHRC ရဲ့ ထုတ်ပြန်ချက် ထဲမှာ ရေးသား ထားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကို မြှင့်တင်ဖို့ မြန်မာပြည် ထဲမှာ လှုပ်ရှား ဆောင်ရွက် နေတဲ့ PEN Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ စာရေးဆရာ မြေမှုန်လွင်က အခုလို ဘာသာတရား အကြောင်း ပြချက် နဲ့ ဖမ်းဆီး တရားစွဲ ခံရတဲ့ အခါ တရားရုံး အပေါ် ဘာသာရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ် တွေ ကနေ ဖိအား တွေ ပေးနေတဲ့ အတွက် တရား မျှတပြီး လွတ်လပ် တဲ့ တရား စီရင်ရေး စံနစ် ရှိဖို့ လိုအပ်တယ် ဆိုပြီးတော့ ဘီဘီစီ ကို ပြောပါ တယ်။

ဦးထင်လင်းဦး ကို ဇန်နဝါရီ ၁၅ ရက်နေ့က ၅ ကြိမ်မြောက် ရုံးထုတ် ခဲ့တာ မှာ အာမခံ ရရှိဖို့ ထပ်မံ ငြင်းပယ် ခံခဲ့ ရပါတယ်။ အမှု ရင်ဆိုင် နေရတဲ့ တရားရုံး မှာ သံဃာ တွေနဲ့ လူ တချို့ရဲ့ ဖိအား ပေးမှု တွေ ရှိနေတာ ကြောင့် ရုံးပြောင်း စစ်ပေးဖို့ လျှောက်ထား သွားမယ် ဆိုပြီ ဦးထင်လင်းဦး ရဲ့ ရှေ့နေက ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ