ကချင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

kia_soldiers ဓာတ်ပုံ မူပိုင် AFP
Image caption ကေအိုင်အေ စစ်သားများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ ကေအိုင်အေ ကချင်ပြည်လွတ်မြောက်ရေးတပ်နဲ့ အစိုးရတပ်တို့ ဇန္နဝါရီ ၁၆ ရက် သောကြာနေ့မှာလည်း တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပါတယ်။

ဖားကန့်မြို့နဲ့ ၁၀ မိုင်လောက်အဝေးမှာရှိတဲ့ အောင်ဘာလီ၊ ကန်ထီးဘောနဲ့ ငှက်ပျောတောရွာ အနီးက တောင်တန်းမှာ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ စခန်းကို အစိုးတပ်က လက်နက်ကြီးတွေနဲ့ ကြာသပတေးနေ့ကစလို့ ပစ်ခတ်နေပါတယ်။ ကေအိုင်အေ တပ်ရင်း ၆ စခန်းကို ဆုတ်ခွာပေးလိုက်ပြီးဖြစ်ပေမယ့် ရွှေ့သွားတဲ့ နေရာကို အစိုးရတပ်တွေက သောကြာနေ့မှာလည်း ထပ်မံပစ်ခတ်နေပါတယ်။

ဒါကြောင့် ကေအိုင်အေက ပြန်လည်ထိုးစစ်အဖြစ် အစိုးရတပ်ကို ဝိုင်းထားတယ်။ ရွာသားတွေ တိမ်းရှောင်ပေးဖို့ကိုလည်း အကြောင်းကြားထားတယ်လို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး အောင်ဆင်တန်ဆန်းက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ရွာသား ၇၀ဝ လောက်ဟာ ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇန္နဝါရီလ ၁၅ ရက်နေ့ ညဦးပိုင်းမှာတော့ လုံးခင်းမြို့ ရဲစခန်းကို လက်ပစ်ဗုံးနဲ့ပစ်ခတ်လို့ ရဲမိသားစုဝင် ၄ ယောက်ဒဏ်ရာ ရသွားတယ်လို့ ရဲစခန်းကို သွားရောက်ကြည့်ခဲ့တဲ့ လုံးခင်း မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်စိုးက ပြောပါတယ်။

လုံထိန်း ရဲတပ်ရင်းမှူးရုံးကိုလည်း လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့ပေမယ့် မပေါက်ကွဲခဲ့ပါဘူး။ ဖားကန့်တံတားကြီးက ရဲကင်းကိုလည်း လက်ပစ်ဗုံးနဲ့ လာပစ်ခဲ့ပေမယ့် ထိခိုက်သူမရှိဘူးလို့ ဦးတင်စိုးက ပြောပါတယ်။ အခုလို ဗုံးတွေနဲ့ ပစ်ပေါက်မှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ် ဆိုတာကိုတော့ မသိသေးဘူးလို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူးက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကတည်းက ကေအိုင်အေ တပ်ရင်း ၆ က ဖမ်းဆီးသွားတဲ့ ရဲ ၃ ဦးကိုတော့ ကေအိုင်အို ဗဟိုက ပြန်လွှတ်ပေးဖို့ ညွှန်ကြားထားပေမယ့် တိုက်ပွဲတွေဖြစ်နေလို့ ပြန်လွှတ်မယ့် လမ်းကြောင်း ပျောက်နေတယ်လို့ ကေအိုင်အို မြစ်ကြီးနားရုံး တာဝန်ခံ ဦးဒေါင်ခါးက ပြောပါတယ်။