လူ့အခွင့်အရေး လိုအပ်ချက်တွေရှိနေဆဲလို့ ကုလ ဆို

  • 16 ဇန်နဝါရီ 2015
yang_hee_lee ဓာတ်ပုံ မူပိုင် EPA
Image caption လူ့အခွင့်အရေးထောက်ပြစရာတွေ များနေလို့ ဆို

မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပါမောက္ခယန်ဟီလီ က မြန်မာနိုင်ငံရဲ့လူ့ အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်နေတဲ့ အချက်တွေ အတော်များများကို တွေ့ရှိ ရကြောင်း ဒုတိယ အကြိမ် မြန်မာပြည်ကို လာရောက် လေ့လာတဲ့ ခရီးစဉ်အပြီးမှာ ထုတ်ဖော် ပြောလိုက်ပါတယ်။

ဇန္နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ပါမောက္ခယန်ဟီလီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်ချက်အရ အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး တချို့နေရာတွေမှာ ကျေနပ်အားရတာ ရှိပေမယ့် ပြုပြင်စရာ အများကြီး ရှိနေတယ် ဆိုပြီး အချက်တော်တော် များများကို ထောက်ပြထားပါတယ်။

ဒီမိုကရေစီအတွက် အရေးကြီး တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး အစိုးရက စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မတွေကို အသုံးချ အရေးယူ နေတာဟာ ပိုဆိုးလာတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ သူကဆိုပါတယ်။

လွတလပ်စွာ ပြောဆိုခွင့်

မကြာသေးခင်က ဖြစ်ခဲ့တဲ့ လက်ပန်းတောင်းတောင် အရေးနဲ့ ပတ်သက်တဲ့ ဆန္ဒပြမှုတွေမှာ အဖမ်းခံရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ မိခေျာင်းကန် မြေသိမ်းမှု မှာ ဆန္ဒပြလို့ ဖမ်းထားတဲ့ ဦးစိန်သန်း တို့ကိုလည်း ထောင်မှာ သွားတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာ အပိုင်းမှာတော့ အသံလွှင့်ဥပဒေကို ရေးဆွဲရာမှာ လုံလောက်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ မရှိဘူးဆိုတဲ့ ပြောဆိုမှုတွေကို သူကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုပါကြီး အသတ်ခံရတဲ့ အမှုဟာတော့ အဆိုးဆုံးဥပမာဖြစ်ပြီး ဒါကို ရာဇဝတ်ကြောင်းအရ အရေးယူသင့်တယ်လို့ ဆိုထားပါတယ်။

ယူနတီဂျာနယ် သတင်းသမားတွေကို ထောင်ဆယ်နှစ်ချတဲ့ ကိစ္စကိုလည်း သူကဝေဖန်ထားပါတယ်။

မြေသိမ်းယာသိမ်း

မြေယာသိမ်းဆည်းမှုတွေနဲ့ ပတ်သက်လို့တော့ လတ်တလောမှာ မြေယာတွေက တန်ဖိုးတက်နေပြီး တည်ဆဲဥပဒေတွေ သုံးပြီး လယ်သမားတွေဆီက မြေတွေသိမ်းယူဖို့ လုပ်လို့ရနေတယ်လို့ ဆိုပါတယ်။ အဲဒီလို သိမ်းယူလို့ ဆန္ဒပြကြရင်လည်း အင်အားအလွန်အကျွံ သုံးပြီး နှိမ်နှင်းတာတွေ ရှိတယ်လို့ လက်ပန်းတောင်းဒေသမှာ ဖြစ်ခဲ့တာတွေကို ထောက်ပြပြီးပြောထားပါတယ်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်လို့တော့ ကောလဟာလ သတင်းတွေ၊ မုန်းတီးရေး စကားတွေနဲ့ လူမျိုးစုတချို့ကို ပစ်မှတ်ထားဆောင်ရွက်နေတာကို သူစိတ်ပျက်ကြောင်း ပြောထား ပါတယ်။

ရိုဟင်ဂျာ-ဘင်္ဂါလီ

Image caption ကုလသမဂ္ဂဟာ ဘက်လိုက်မှုရှိတယ်ဆိုပြီး သံဃာတွေက ကန့်ကွက်

ရိုဟင်ဂျာနဲ့ဘင်္ဂါလီ ဆိုတဲ့ စကားအသုံးအနှုန်းကို အငြင်းပွားနေချိန်မှာဘဲ လတ်တလော ဦးစားပေးအာရုံစိုက် ရမှာက လူသားချင်း စာနာတဲ့ အကူညီတွေ ပေးနိုင်ဖို့၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင် လုပ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လူမျိုးချင်း သီးခြားစီ ခွဲထားတာကြောင့် ဒီပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

မျိုးစောင့်ဥပဒေတွေကိုလည်း သူက တခုချင်းစီ ထောက်ပြဝေဖန် ထားပါတယ်။ အထူးသဖြင့် ဘာသာကူးပြောင်းရေးမှာ အစိုးရက ကြီးကြပ်မယ် ဆိုတာဟာ ဖိအားပေးခြိမ်းခြောက်မှု အသွင်မျိုးတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကိုလည်း ခွဲခြားမှုအသွင်ဆောင်တယ်လို့ သူကဆိုပါတယ်။

သူ့ရဲ့ ခရီးစဉ်က တွေ့ရှိချက် အသေးစိတ်ကိုတော့ မတ်လ လူ့အခွင့်အရေးညီလာခံ အမီ အစီရင်ခံစာ တင်မယ်လို့ ပါမောက္ခယန်ဟီလီ ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကုလသမဂ္ဂဟာ ရိုဟင်ဂျာတွေဖက် တစ်ဘက်သပ်လိုက်တယ်ဆိုပြီး ဒီကနေ့ ရန်ကုန်မြို့မှာ ရာနဲ့ချီတဲ့ သံဃာနဲ့ လူတွေက ချီတက် ဆန္ဒပြခဲ့ပါတယ်။