ဘာသာရေး သုံးပြီး စိတ်ဝမ်းကွဲအောင် လုပ်မှုတွေ ရှိတယ်လို့ Malinowski ပြော

  • 16 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဘာသာရေးကို အသုံးပြုပြီး စိတ်ဝမ်းကွဲအောင် လုပ်တာဟာ မီးနဲ့ ကစားသလိုပဲလို့ မစ္စတာ Malinowski ခိုင်းနှိုင်းပြောသွား

မြန်မာနိုင်ငံမှာ ဘာသာရေးကို အသုံးပြုပြီး စိတ်ဝမ်း ကွဲပြားအောင် လုပ်နေတာတွေ ရှိနေတဲ့အတွက် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေး ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံကြား လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဒုတိယ အကြိမ် ဆွေးနွေးပွဲ အတွက် မြန်မာနိုင်ငံကို လာတဲ့ ခရီးစဉ် အဆုံးမှာ ပြောသွားပါတယ်။

အထူးသဖြင့် ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပတော့မှာမို့ ပိုအရေးကြီးတယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေး အကြောင်းကြောင့် ဖြစ်ဖြစ်၊ တခြား အကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် ဘာသာရေးကို အသုံးချပြီး စိတ်ဝမ်းကွဲအောင် လုပ်တာတွေဟာ အခုနှစ်လို ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်မှာ အရမ်း အန္တရာယ် ကြီးကြောင်းနဲ့ ဒါဟာ မီးနဲ့ ကစားသလိုပဲလို့ ခိုင်းနှိုင်း ဆိုသွားခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဆန္ဒပြသူတွေကို စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မတွေနဲ့ အရေးယူတာ၊ ဘာသာရေး ခွဲခြား ဆက်ဆံတာတွေဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ မညီဘူးလို့လည်း သူကပြောပါတယ်။

အခုတကြိမ် မြန်မာအစိုးရနဲ့ တွေ့ဆုံခဲ့စဉ်အတွင်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အပါအဝင် ဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့၊ အဲဒီလို လုပ်ရာမှာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကြည့်သလို နိုင်ငံတကာ စံနှုန်းတွေနဲ့လည်း ညီအောင်လုပ်ဖို့ လိုကြောင်း အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာ နေရပ် စွန့်ပြေးနေရသူတွေကို အကူအညီတွေ သွားရောက် ပေးခွင့် ရဖို့ကိုလည်း မြန်မာ အစိုးရနဲ့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာ အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့ လိုနေတယ်လို့လည်း Tom Malinowski က ပြောခဲ့ပါတယ်။

အမေရိကန် မြန်မာ ဆက်ဆံရေး ပုံမှန် ဖြစ်ဖို့ ဆောင်ရွက်ရမှာတွေ အများကြီး ရှိနေတယ်လို့ သူက ဆိုခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကိုလည်း စောင့်ကြည့်မယ်လို့ ဆိုခဲ့ပါတယ်။

အမေရိကန် အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကူအညီတွေ၊ လွှတ်တော်မှာ ဥပဒေတွေ ပြုပြင်ပြောင်းလဲဖို့ လုပ်တဲ့ အပိုင်းတွေမှာလည်း အကူအညီတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရ ဖက်ကတော့ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးတဲ့ အဖွဲ့အစည်းတွေကို ပိုလက်ခံဖို့၊ ရိုဟင်ဂျာတွေကို လူမျိုးရေး မခွဲခြားပဲ နိုင်ငံသားပေးဖို့၊ ကချင်ပြည်နယ်မှာ တဖက်နဲ့ တဖက် ယုံကြည်မှု မရှိတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာ ဖြစ်ပြီး တိုက်ပွဲတွေ ရပ်တန့်နိုင်အောင် ယုံကြည်မှု တည်ဆောက်ဖို့ စတဲ့ အချက်တွေကို တိုက်တွန်းခဲ့တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါတယ်။

အခုလို မြန်မာနိုင်ငံမှာ ဘာသာရေးကို အသုံးချပြီး စိတ်ဝမ်းကွဲအောင် လုပ်နေမှုတွေကို ဝိုင်းဝန်း တားဆီးဖို့ လိုတယ်လို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။ ဗုဒ္ဓဘာသာကို ကာကွယ် စောင့်ရှောက်ချင်တဲ့ ရဟန်း သံဃာတွေ အနေနဲ့ ကိုယ့်ဘာသာရဲ့ ပုံရိပ်ကို မထိခိုက်အောင် ထိန်းသိမ်း ကာကွယ်ဖို့ လိုကြောင်း၊ တခြား သက်ဆိုင်ရာ ဘာသာ အသီးသီးက ဘာသာရေး ခေါင်းဆောင်တွေ အရပ်ဘက် အဖွဲ့အစည်း ပေါင်းစုံက ခေါင်းဆောင်တွေ နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့လည်း အားလုံး ဝိုင်းဝန်းပြီး သတိနဲ့ ကြိုတင်ကာကွယ် ကြရမှာ ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။