ကျောင်းသား သပိတ်စခန်းဖွင့်မယ်လို့ ကြေညာ

  • 17 ဇန်နဝါရီ 2015
student myanmar ဓာတ်ပုံ မူပိုင် Reuters
Image caption ပညာရေး ဥပဒေ ကျောင်းသား အဖွဲ့တွေ ကန့်ကွက် ဆန္ဒပြ

အမျိုးသား ပညာရေး ဥပဒေ ပြင်ဖို့ ကျောင်းသား တွေရဲ့ ရာဇသံပေး တောင်းဆို မှု ရက် (၆ဝ) ပြည့် ပြီးတဲ့ အထိ အစိုးရ ဘက် အကြောင်း ပြန်ကြား တာ မရှိတဲ့ အတွက် ရန်ကုန်၊ မန္တလေး နဲ့ မြို့ကြီး တွေမှာ သပိတ်စခန်း တွေ ဖွင့်ပြီး နိုင်ငံလုံး အနှံ့ သပိတ် မှောက်ပွဲ ဆင်နွှဲ သွားမယ် လို့ ကျောင်းသားတွေ ဘက်က ပြော လိုက်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဖို့ ရက် (၆ဝ)အလွန် လှုပ်ရှားမှု တွေကို လာမယ့် (၃) (၄)ရက် အတွင်း မန္တလေးမြို့ ကနေ စတင် မှာ ဖြစ်ပါတယ်။

ကျောင်းသားတွေ တနိုင်ငံလုံး အနှံ့ နည်းမျိုးစုံ ပုံသဏ္ဍာန် မျိုးစုံ နဲ့ ပြင်းထန်တဲ့ သပိတ် တိုက်ပွဲတွေ လုပ်ဖို့ ရှိနေ သလို ရန်ကုန် မှာလည်း (၁၅)ရက်အတွင်း သပိတ်စခန်း ဖွင့်ပြီး တောင်းဆိုမယ် လို့ ကျောင်းသားတွေက စနေနေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောလိုက် တာပါ။

ဒီသပိတ် တိုက်ပွဲကို လည်း ကျောင်းသား သမဂ္ဂတွေ၊ ပညာရေး အဖွဲ့အစည်း တွေက ပူးပေါင်း ပါဝင်ဖို့ ရှိနေတယ် ဆိုပြီး ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ ရဲ့ ဗဟို ကော်မတီဝင် ကိုဇေယျာလွင် က ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားတဲ့ ပညာရေး ဥပဒေဟာ ဗဟို ချုပ်ကိုင်မှု အားကြီး နေပြီး လွတ်လပ်စွာ ကျောင်းသား သမဂ္ဂတွေ ဖွဲ့စည်းခွင့် မရှိဘူး စတဲ့ အချက်တွေ ကို ပင်မ ဥပဒေထဲမှာ ပြင်ပေးဖို့ ကျောင်းသားတွေ ဘက်က လိုလား နေတာပါ။

အစိုးရ ကတော့ ဒီအချက်တွေကို အခု ထွက်ရှိလာတော့မယ့် နည်းဥပဒေထဲမှာ ပြင်ဖို့ ညှိနှိုင်း ဆွေးနွေးမှုတွေကို ဖိတ်ခေါ် နေပြီး သမ္မတ ကိုယ်တိုင်ကလည်း ကျောင်းသား ယူနီယံတွေ ဖွဲ့ဖို့ လက်ခံတယ် လို့ ပြောထားတာ ရှိပါတယ်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်တဲ့ မဖြိုးဖြိုးအောင် ကတော့ ရှိပြီး ကျောင်းသား သမဂ္ဂ တွေကို အသိအမှတ် ပြုဖိုနဲ့ အာမခံချက် ရှိတဲ့ ဆွေးနွေးမှု တွေ လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေပါ အချက်တွေ ပြင်ဖို့ရာ အစိုးရ၊ လွှတ်တော်၊ ပညာရေး စနစ် ပြုပြင် ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER နဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ တို့ပါတဲ့ (၄)ပွင့်ဆုံ ညှိနှိုင်း ဆွေးနွေးမှု တွေ လုပ်ဖို့ ကျောင်းသား တွေ ဘက်က တောင်းဆို နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂)လ လောက် က (၄) ရက်ကြာ ဆန္ဒပြပွဲ တွေ ပြု လုပ်ခဲ့ပြီး အစိုးရ ဘက်က ညှိနှိုင်းဖို့ တရားဝင် ကမ်းလှမ်း တာမျိုး မရှိခဲ့တဲ့ အတွက် ကျောင်းသား တွေ နောက်ထပ် တဆင့် တိုးပြီး အစိုးရကို ဖိအားပေး တဲ့ သပိတ် တိုက်ပွဲ တွေ ဖော်ဆောင်မယ့် ပုံ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ