ကချင်မှာ တိုက်ပွဲငယ်တွေ ဆက်ဖြစ်နေ

  • 18 ဇန်နဝါရီ 2015
Kachin
Image caption ကချင်တိုက်ပွဲတွေ ဖြစ်နေတာ နှစ်အနည်းငယ်ရှိလာ

အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ တိုက်ပွဲဖြစ်နေတဲ့ ၄ ရက်မြောက်နေ့ တနင်္ဂနွေနေ့မှာတော့ အရင်နေ့ကလောက် မပြင်းထန်ဘူးလို့ သိရပါတယ်။

မဆွတ်ရန်အရပ်မှာ ကေအိုင်အေက ခြုံခိုတိုက်ခိုက်တာနဲ့ တခြားနေရာတချို့မှာ ထိပ်တိုက်တွေ့တဲ့ တိုက်ပွဲငယ်တွေတော့ ဖြစ်နေပါတယ်။

အရင်နေ့တွေကတော့ ဖားကန့်မြို့နယ်ထဲက အောင်ဘာလေရွာနားတဝှိုက်မှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့တုန်းက ကေအိုင်အေက ဖမ်းထားတဲ့ ရဲ ၃ ယောက်ကို ပြန်လွှတ်ပေးမယ်လို့ ကေအိုင်အေက ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တွေက တဆင့် အကြောင်းကြားထားတာကြောင့် အကျိုးဆောင်တွေ ဖားကန့်ကို သွားနေကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ဘီဘီစီက ပြောပါတယ်။

အကျိုးဆောင်တွေက တဆင့် ၂ ဖက်ညှိနိုင်းပြီးရင်တော့ နောက်ရက်တွေမှာ ဖမ်းခံထားရတဲ့ ရဲသုံးယောက် လွတ်လာနိုင်တယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ဦးလမိုင်ဂွန်ဂျာကပြောပါတယ်။

ဖားကန့်ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေချိန် ဖားကန့်မှာလည်း ရေမဆေးကျောက်ရှာတဲ့ ရာချီတဲ့လူအုပ်က အငြိမ်းစားဗိုလ်ချုပ်မှူးကြီးရဲ့ မိသားစုပိုင်တယ်လို့ ယူဆရတဲ့ ကြိုင်ကုမ္ပဏီကို မီးဝင်ရှို့ ဖျက်စီးခဲ့ပါတယ်။