အပစ်​ရပ်​စာ​ချုပ် ချုပ်​ဆို​ဖို့ ဝေးကွာ​ဆဲ ဖြစ်နေ

  • 18 ဇန်နဝါရီ 2015
mpc_ncct_ ဓာတ်ပုံ မူပိုင် Nyo Ohn Myint FB
Image caption UPWC က ဇန်နဝါရီ ၁၀ ရက် ဝန်းကျင်မှာ တပ်မတော် နဲ့ သွားတွေ့ပြီး ရင် အကြောင်းပြန် မယ် ပြောထား ပေမယ့် ဆက်သွယ် မလာ သေးဘူး လို့ နိုင်ဟံသာ က ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ် စာချူပ် ချူပ်ဆို နိုင်ဖို့ အစိုးရ ဘက်က ရည်ရွယ် ထားတယ် ဆိုတဲ့ လာမယ့် ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စု နေ့ အမှီတော့ တကယ် လက်မှတ် ရေးထိုး နိုင်မယ့် အခြေအနေ မရှိသေးဘူး ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု အဖွဲ့ ဖြစ်တဲ့ NCCT ရဲ့ ခေါင်းဆောင် နိုင်ဟံသာ က ပြောပါတယ်။

အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ UPWC ကနေ တပ်မတော် ရဲ့ သဘောထား တွေ ရယူပြီး တိုင်းရင်းသား လက်နက်ကိုင် တွေ ဆီကို ပြန်လည် အကြောင်းပြန် မယ် လို့ ပြောထား ပေမယ့် အခုအချိန် အထိ ဆက်သွယ် လာတာ မရှိ သေးဘူး ဆိုပြီး တော့လည်း နိုင်ဟံသာ က ဆိုပါတယ်။

နောက်တကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်ဖို့ ဆိုရင် အစိုးရ နဲ့ တပ်မတော် အကြား မှာကို တူညီတဲ့ မူဝါဒ တွေ ရဖို့ ညှိနှိုင်း စရာတွေ ရှိနေတယ် လို့ ယူဆကြောင်း နိုင်ဟံသာ က သုံးသပ် ပါတယ်။

နိုင်ဟံသာ ရဲ့ ရှင်းပြချက် အရ လတ်တလော မှာ ကချင်ပြည်နယ် အတွင်း တိုက်ပွဲ တွေ ပြန်လည် ဖြစ်ပေါ် နေတာ ကလည်း ဆွေးနွေးပွဲ ပြန်လည် စတင် နိုင်ဖို့ အဟန့်အတား ဖြစ်နေပါတယ်။

ကချင် ပြည်နယ် မှာ အစိုးရ တပ်နဲ့ ကေအိုင်အေ အကြား မနေ့ ကအထိ ၄ ရက်မြောက် တိုက်ပွဲတွေ ဆက်လက် ရှိနေ ပေမယ့် အရှိန် လျော့သွား တယ် လို့တော့ သိရ ပါတယ်။

ကေအိုင်အေ ကနေ သူတို့ ထိန်းသိမ်း ထားတဲ့ ရဲ ၃ ဦး ကို ပြန်လွှတ် ပေးမယ် ဆိုပြီး ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် တွေ ကို အကြောင်းကြား လာတဲ့ အတွက် အကျိုးဆောင် တချို့ဟာ အဲဒီ ရဲ ၃ ဦး ကို လက်ခံ ရယူဖို့ တိုက်ပွဲတွေ ဖြစ်ပေါ် နေရာ ဖားကန့် ဒေသ ကို သွားနေ ကြပြီ ဖြစ်ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ