UNA နဲ့ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံ

  • 18 ဇန်နဝါရီ 2015
nld dassk
Image caption ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ကို ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုထား

UNA ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့က ကိုယ်စားလှယ်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ နဲ့ တနင်္ဂနွေနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ UNA ကခေါင်းဆောင် တယောက်လည်း ဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးစိုင်းညွန့်လွင် က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး နဲ့ စစ်မှန်တဲ့ နိုင်ငံရေးတွေဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကို အခုဆွေးနွေးပွဲ က ရလဒ်တွေ ကို ပြန်တင်ပြပြီး နောက်ထပ် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တော့ ၂ ဘက် သဘောတူညီချက် တွေ ကို ထုတ်ပြန်မယ် လို့လည်း သူ က ပြောပါတယ်။

UNA အဖွဲ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၈ ခု ပါဝင်ပါတယ်။

အစိုးရ ဘက် က နိုင်ငံရေး ဆွေးနွေးပွဲအဖြစ် အကြီးအကဲ ၄၈ ဦးနဲ့ဆွေးနွေးတာ တွေ စတဲ့ အပေါ် UNA အနေနဲ့ကတော့ဝေဘန် တာ ထောက်ခံတာ တွေ လုပ်သွားမှာ မဟုတ်ကြောင်းနဲ့ ဆွေးနွေးပွဲ နဲ့ အဖြေရှာ ကြဖို့ကို တော့ လက်ခံထားကြောင်း ဦးစိုင်းညွန့်လွင် ကပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနီးကပ် လာတာနဲ့အမျှ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ တိုးလို့ ဖြစ်လာနေပေမယ့် နိုင်ငံရေး အကြပ်အတည်း ပြဿနာတွေ ကို ဘယ်လို ကျော်လွှားကြမလဲဆိုတဲ့ လမ်းကြောင်း က တော့မှေးမှိန် နေဆဲပဲလို နိုင်ငံရေး အကဲခတ် တွေ ကသုံးသပ်နေကြပါတယ်။