၆ပွင့်ဆိုင် အတွက် လွှတ်တော်ကို သမ္မတ အကြောင်းပြန်

  • 19 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption အခြေခံ ဥပဒေကို ကျော်လွန်လျင် တရား ဥပဒေ စိုးမိုး ရေး ကို ကျော်လွန်ရာ ရောက်နိုင် ကြောင်း ဖေါ်ပြ ထား

လွှတ်တော် အစည်း အဝေးတွေ ပြန်စ တယ် ဆိုရင်ပဲ ပြည်ထောင်စု လွှတ်တော် က ၆ ပွင့်ဆိုင် ဆွေးနွေးဖို့ တောင်းဆို ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ကနေ သဝဏ်လွှာ ပြန်ပေး ပို့လာ ပါတယ်။

အဲဒီ အထဲ မှာ ၆ ပွင့်ဆိုင် ဆွေးနွေး ဖို့ တောင်းဆို တာဟာ ဘယ်လောက် အားလုံးကို ကိုယ်စား ပြုတယ် ဆိုတာနဲ့ ဘယ်လို မူတွေ နဲ့ ဆွေးနွေး သင့်တယ် ဆိုတာ တွေကို လွှတ်တော် ဘက်က ပြန်ကြား ပေးဖို့ ဖော်ပြ ထား ပါတယ်။

နောက်ပြီး အခြေခံ ဥပဒေ ပြင်ဆင် ရေးဟာ ၂၀၀၈ အခြေခံ ဥပဒေမှာ ပြဌာန်း ထားတဲ့ အတိုင်း လွှတ်တော်က တာဝန်ယူ ဆောင်ရွက် ရမှာ ဖြစ်ကြောင်းနဲ့ ဒါကို ကျော်လွန် ပြီး ဆောင်ရွက် ခဲ့ရင် တရား ဥပဒေ စိုးမိုး ရေး ကို ကျော်လွန်ရာ ရောက်နိုင် ကြောင်းလည်း ဖေါ်ပြ ထားပါတယ်။

၆ ပွင့် အဆိုင် အတွက် ပြည်ထောင်စု လွှတ်တော်က ရွေးချယ် ထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဖြစ်သူ ဒေါက်တာ အေးမောင် ကတော့ အခြေခံ ဥပဒေကို ပြင်ဆင် လို့မရအောင် လုပ်ထားတဲ့ တစ်ဆို့ မှုကို ဖြေရှင်း ဖို့ အတွက် အုပ်ချုပ်ရေး ပိုင်းက ပူးပေါင်းဖို့ လိုကြောင်း ပြောပါတယ်။

ဒီအတွက် သမ္မတနဲ့ ကာချုပ်တို့ ပါဝင်ပြီး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်ဖို့ လွှတ်တော်က အကြံ ပြုတာ လို့ ယုံကြည် ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မျိုးစောင့် ဥပဒေ ဆွေးနွေး ဖို့ အမျိုးသား လွှတ်တော် အတည်ပြု

ဓာတ်ပုံ မူပိုင် AP
Image caption မှော်ဘီ အစည်းအဝေးမှာ မျိုးစောင့် ဥပဒေကို ဆွေးနွေးခဲ့

အမျိုးသား လွှတ်တော် မှာတော့ အစိုးရ က ရေးဆွဲ ခဲ့တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်း ခြင်း ဆိုင်ရာ နဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိ ရေး ဆိုင်ရာ ဥပဒေ မူကြမ်း နှစ်ခုကို လက်ခံ ဆွေးနွေး ဖို့ မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြု လိုက်ပါတယ်။

အမျိုး သမီး အဖွဲ့ အစည်း တွေနဲ့ ပြည်တွင်းက တက်ကြွ လှုပ်ရှား သူတွေ ကတော့ ဒီဥပဒေ တွေဟာ နိုင်ငံ တကာ လူ့ အခွင့် အရေး စံချိန်တွေ နဲ့ မညီတဲ့ အပြင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူ လူထုကို အာရုံ လွှဲသော ကိစ္စ ရပ်များ ထဲမှ တခု ဖြစ် နိုင်တယ် ဆိုပြီး ဒီဥပဒေ ကြမ်းတွေ ထွက်လာတဲ့ အချိန် ကတည်းက ကန့်ကွက် ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ဆိုင်ရာ ကမ္ဘာ့ ကုလ သမဂ္ဂ လူ့ အခွင့် အရေး အထူး ကိုယ်စား လှယ် မစ္စ ယန်ဟီးလီ ကလည်း ဒီ ဥပဒေ ကြမ်းတွေကို အတည်ပြု လိုက်ရင် ဒါဟာ နိုင်ငံ ရေး ပြုပြင် ပြောင်းလဲ မှုတွေမှာ နောက် ကြောင်းပြန် လှည့်နိုင် တယ်လို့ ပြောထား ပါတယ်။

အမျိုးသား လွှတ်တော်က ဒီဥပဒေ ကြမ်းတွေ ကို မကြာခင် ရက် ပိုင်း အတွင်း ဆွေးနွေးဖို့ ဖိတ်ခေါ် ထားပြီး တော့ ဆွေးနွေး ပြီး အတည် ဖြစ်ရင် ပြည်သူ့ လွှတ် တော် မှာ နောက် တစ်ဆင့် ထပ်မံ ဆွေးနွေးကာ၊ ပြည်ထောင်စု လွှတ်တော် မှာ ဆုံးဖြတ် အတည် ပြုဖို့ ရှိနေ ပါတယ်။

အခု နှစ်ထဲ မှာ ဒီဥပဒေ တွေဟာ အတည် ဖြစ်လာရင် အစိုးရ သစ် လက်ထက်မှာ ပထမဆုံး ထွက် လာတာ တဲ့ ဘာသာရေး နဲ့ ဆိုင်တဲ့ ဥပဒေ လို့ ပြော ရမှာ ဖြစ်ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ