ဖားကန့်ဖက်မှာ ဖမ်းထားတဲ့ ရဲ ၃ ယောက်ကို ကေအိုင်အေ ပြန်လွှဲပေး

  • 19 ဇန်နဝါရီ 2015
KIA Soldiers
Image caption ပြီးခဲ့တဲ့ တစ်ပတ် အတွင်း ဖားကန့် ဖက်မှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲ ပြင်းထန်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က ဖားကန့် ဒေသ ဟွေခါ လမ်းပိုင်းမှာ ကေအိုင်အေ တပ်ရင်း၆ က ဖမ်းဆီးခဲ့တဲ့ ရဲ ၃ယောက်ကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် တွေ ကနေ တဆင့် ပြန်လွှဲအပ် ပေးလိုက်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေက ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကို ကေအိုင်အေက လွှဲပြောင်း ပေးအပ်ခဲ့ပြီးနောက် နာရီပိုင်း အကြာမှာပဲ ဖားကန့် မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို ဆက်လက် လွှဲပြောင်း ပေးလိုက်တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာက ဘီဘီစီကို ပြောပါတယ်။

သူတို့ သုံးယောက်စလု့းရဲ့ ကျန်းမာရေး အခြေ အနေ ကောင်းမွန်ကြောင်းလည်း သူက ပြောပါတယ်။

ဖားကန့် အရှေ့ဖက် မိုင် ၂၀ လောက် အကွာမှာ ရှိတဲ့ ကေအိုင်အေ စခန်းကနေ ရဲတွေကို သွားခေါ်လာတာလို့လည်း ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

စစ်ပွဲတွေကြားမှာ ရှိနေကြတဲ့ ကချင် တိုင်းရင်းသားတွေရဲ့ အခြေ အနေနဲ့ ပတ်သက်လို့ မသိရှိရကြောင်း လည်း သူက ပြောပါတယ်။

တရုတ် နိုင်ငံသား မိုင်းလုပ်သားတွေနဲ့ ကျောက်စိမ်း ကုန်သည်တွေ တိုက်ပွဲတွေကြားမှာ ပိတ်မိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ဦးလမိုင်ဂွန်ဂျာကို ဘီဘီစီက မေးကြည့်ရာမှာ သူ့အနေနဲ့ အတိအကျ မသိရကြောင်းနဲ့ မြစ်ကြီးနား ဖားကန့် လမ်း ဖောက်လုပ်ရေး အဖွဲ့တွေမှာ လုပ်နေတဲ့ တရုတ် အလုပ်သမားတွေတော့ ရှိနိုင်တယ်လို့ ပြောပါတယ်။