မန္တလေးကကျောင်းသားတွေ ရန်ကုန်ကိုချီတက်

  • 20 ဇန်နဝါရီ 2015
Image caption မန္တလေးက တက္ကသိုလ်ကျောင်းသားများ ရန်ကုန်ကို ချီတက်ဆန္ဒပြ

အမျိုးသားပညာရေး ဥပဒေကို ရက် ၆ဝ အတွင်း အစိုးရ တာဝန်ရှိသူတွေက ညှိုနှိုင်း ဆောင်ရွက်ပေးဖို့ ကျောင်းသားတွေ တောင်းဆိုထားတဲ့ ရက် ပြည့်သွားပေမဲ့ တုံ့ပြန်မှု မရှိသေးတဲ့ အတွက် စစ်ကိုင်း၊ မုံရွာ၊ ကျောက်ဆည်စတဲ့ တက္ကသိုလ်တွေက ကျောင်းသားတွေနဲ့ (ဗကသ) ကျောင်းသား ၁၀၀ကျော် ရန်ကုန်ကို အင်္ဂါနေ့ကစတင် ချီတက်ခဲ့ကြပါတယ်။

ဒီမိုကရေစီပညာရေးအတွက် အစိုးရ၊ လွှတ်တော်၊ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER၊ ကျောင်းသားသမဂ္ဂ တို့ပါတဲ့ ၄ပွင့်ဆိုင် တွေ့ဆုံရေး မဖြစ်မြောက်နိုင်ဘူးဆိုရင် ကျောင်းသားသပိတ်ဟာ တပြည်လုံး အတိုင်းအတာအထိ ဖြစ်လာမယ်လို့ အထက်မြန်မာပြည် (ဗကသ) ကျောင်းသားဟောင်း ကိုသန့်ဇင်ကပြောပါတယ်။

တကယ်လို့ လမ်းခရီးမှာ သက်ဆိုင်ရာ အာဏာပိုင်က တားဆီးမယ်ဆိုရင် တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ မရရအောင် ရှေ့ဆက်မယ်လို့ (ဗကသ)ဗဟိုရဲ့ အတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောပါတယ်။

သူတို့အားလုံးဟာ ရန်ကုန်ကိုရောက်ရင် အနယ်နယ် အရပ်ရပ်က ရောက်လာကြမယ့် ကျောင်းသားတွေနဲ့ ကျောင်းသား ပေါင်းစုံ သပိတ်မှောက်ဦးမှာ ဖြစ်ပြီး အားလုံး သဘောတူ စည်းဝေးပြီးရင် ဆက်လုပ်သင့် တာတွေကို လုပ်သွားမယ်လို့ ပြောပါတယ်။ ရန်ကုန်အထိ ချီတက်မယ့် ကျောင်းသားတွေဟာ အခုဆိုရင် ပလိပ်မြို့ကိုရောက်နေပြီး ပလိပ်မှာပဲ ညအိပ်ရပ်နားမှာဖြစ်ပါတယ်။

အခုကျောင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ ဆိုတဲ့အချက်ကို နိုင်ငံတော် သမ္မတ ကလည်း အင်္ဂါနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ သဝဏ်လွှာ ပို့ခဲ့ပါတယ်။