အသတ်ခံရတဲ့ ကချင်ဆရာမ နှစ်ဦး ကိစ္စ စုံစမ်းစစ်ဆေး

  • 21 ဇန်နဝါရီ 2015
muse
Image caption မူဆယ်ခရိုင်အတွင်း ကချင်ဆရာမ ၂ ယောက် သတ်ဖြတ်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း ကြူကုတ်မြို့၊ ကောင်းခါး ကျေးရွာ ခရစ်ယာန် ဘာသာရေး ကျောင်းဝင်း အတွင်းမှာ ဇန်နဝါရီလ ၁၉ရက်နေ့ က အသတ်ခံရတဲ့ ကချင်လူမျိုး ဆရာမတွေရဲ့ အလောင်းတွေကို မှုခင်းဆရာဝန်တွေ မူဆယ် ဆေးရုံမှာ စစ်ဆေးခဲ့ပါတယ်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒီအမှုကို လူသတ်မှု နဲ့ အမှုဖွင့်ထားတယ်ဆိုတာ အတည်ပြုပေမယ့် တရားခံဘယ်သူဘယ်ဝါဆိုတာ ကို စုံစမ်းဆဲပဲ ဖြစ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

အသက် ၂၀အရွယ်ရှိ ကချင်လူမျိုး ဆရာမ ခေါန်နန်စင် နဲ့ လုရာ တို့ ၂ဦးဟာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် KBC ရဲ့ ခွင့်ပြုချက်နဲ့ ကောင်းခါကျေးရွာက ကလေးငယ်တွေကို အခမဲ့လာရောက် ပညာသင်ကြား ပေးနေသူ တွေဖြစ်ပြီး ဘုရားကျောင်းဝန်းအတွင်း တည်းခိုရာ အိမ်ခန်းမှာ သူတို့နှစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို အင်္ဂါနေ့က ရွာခံတွေက တွေ့ခဲ့ကြပါတယ်။

အခု အမျိုးသမီးတွေ ဟာ အဓမ္မပြုကျင့် ခံခဲ့ကြရတယ် လို့ မှန်းဆ ပြောဆိုမှုတွေ ရှိနေပြီး အစိုးရ စစ်တပ် က တပ်ဖွဲ့ဝင်တွေ က ဒီရာဇဝတ်မှု ကို လုပ်ခဲ့ကြတာ ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။