MSF အဖွဲ့ ရခိုင်မှာ လုပ်ငန်း ပြန်ဆောင်ရွက်ခွင့်ရ

  • 22 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption MSF အဖွဲ့က ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ရခိုင်ဒေသခံတွေက စွပ်စွဲ

MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ကယ်ဆယ်ရေး အကူအညီတွေ ပြန်လည် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဖော် ကြေညာလိုက်ပါတယ်။

MSF အဖွဲ့ဟာ မွတ်ဆလင် ရိုဟင်ဂျာတွေကိုပဲ ဘက်လိုက် အကူအညီ ပေးနေတယ်လို့ ဒေသခံ ရခိုင်လူမျိုးတွေက စွပ်စွဲခဲ့ကြပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက MSF အဖွဲ့ကို ရခိုင်ဒေသကနေ ထွက်ဖို့ မြန်မာအစိုးရက အမိန့်ပေးခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ရက်နေ့တုန်းကတော့ MSF အဖွဲ့ကို ရခိုင်ဒေသမှာ ကျန်းမာရေး စောင့်ရှောက် ကုသမှုတွေ ပြန်လုပ်ဖို့ အစိုးရက ခွင့်ပြုလိုက်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်း၄ပတ်အတွင်း ပြင်ပလူနာ ၃ထောင်ကျော်နဲ့ ကိုယ်ဝန်သည် ၅ရာကျော်လောက်ကို ကုသစောင့်ရှောက်မှု ပေးခဲ့ရတယ်လို့ MSF က ပြောပါတယ်။

MSF အနေနဲ့ အခုအခါ ရခိုင်ဒေသမှာ ကျန်းမာရေး ဆိုင်ရာ အကူအညီ အလိုအပ်ဆုံး သူတွေကို အကူအညီတွေ ပေးနိုင်ရေးအတွက် မြန်မာအစိုးရနဲ့ ဆက်သွယ်ပြောဆိုမှုတွေ ဆက်လုပ်သွားမယ်လို့ လည်း MSFရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။