ကချင်အမျိုးသမီးတွေ အသတ်ခံရမှု စုံစမ်းစစ်ဆေးနေ

  • 22 ဇန်နဝါရီ 2015
kachin women deaths ဓာတ်ပုံ မူပိုင် Mary Toms FB
Image caption ကျောင်းဆရာမလေးတွေ အဓမ္မကျင့် အသတ်ခံရတဲ့ အတွက် ဝမ်းနည်းကြေကွဲကြ၊ (Photo:Mary Tom's Facebook)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း ကြူကုတ်မြို့၊ ကောင်းခါးကျေးရွာ ခရစ်ယာန် ဘာသာရေးကျောင်းဝင်း အတွင်းမှာ အဓမ္မပြုကျင့်ပြီး အသတ်ခံရတဲ့ ကချင်လူမျိုး ဆရာမ နှစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး အဲဒီရွာအနီး စခန်းချနေတဲ့ တပ်မတော် တပ်စခန်းက တပ်ဖွဲ့ဝင် ၂၅ ဦးကို စစ်ဆေးခဲ့ပါတယ်။

ဆရာမနှစ်ဦး သတ်ဖြတ်ခံရချိန်မှာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်မတော်စစ်ကြောင်း ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေလို့စစ်ဆေးမှု ပြုလုပ်တာ ဖြစ်ပါတယ်။

စစ်ကြောင်းမှူး အပါအဝင် ၂၅ ဦး ကို စစ်ဆေးခဲ့တာ ဖြစ်ပြီးတော့ ထပ်မံ စစ်ဆေးဖို့ရှိတယ်။ ဆရာမတွေ အသတ်ခံရတဲ့ နေရာက သက်သေခံ ပစ္စည်းတွေ သိမ်းဆည်း ရထားပြီးတော့ ပြစ်မှုကျူးလွန်သူဟာ နှစ်ဦး သုံးဦးထက် မပိုနိုင်ဘူးလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ရဲအုပ်ဇော်မင်းထွဋ်က ပြောပါတယ်။

အမှုကို စစ်ဆေးနေဆဲလို့ ပြောပေမယ့် ဒေသခံ တိုင်းရင်းသားတွေရဲ့ စိတ်မှာတော့ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတာ ကို အထူး နာကြင် ကြေကွဲဝမ်းနည်းပြီး အဲဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုကြီး ကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြပါတယ်။

အဲဒီဆရာမတွေ အသတ်ခံရတဲ့ ကောင်းခါးကျေးရွာကျောင်းမှာ စေတနာ့ဝန်ထမ်း ဆရာလုပ်ဖူးတဲ့ ကိုနော်နောကတော့ အမှုမှန်မပေါ်ပဲ ပြီးသွားမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

ဆရာမတွေ ရုပ်အလောင်းကို ယာဉ်တန်းနဲ့ မူဆယ်က သယ်လာပြီး မန္တလေးက တစ်ဆင့် မြစ်ကြီးနားကို ပြန်သယ်လာနေကြပါတယ်။

ရုပ်အလောင်း သယ်ယူလာတဲ့ လမ်းတလျှောက်မှာ လမ်းဘေးကလူတွေက စောင့်ကြိုပြီး ကြေကွဲဝမ်းနည်းကြောင်း ဆိုင်းဘုတ်တွေ ကိုင်ပြီး လမ်းမှာ နှုတ်ဆက်ကြပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့ မနက် ၉နာရီမှာ ဆရာမတွေရဲ့ စျာပနကို မြစ်ကြီးနားမြို့အနီးမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ဗန္ဓုလပန်းခြံမှာလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတစ်ရပ် ကျင်းပဖို့လည်း ရှိနေပါတယ်။