ကချင်ပြည်နယ် တွင်း တိုက်ပွဲတွေ ဆက်လက် ရှိနေ

  • 22 ဇန်နဝါရီ 2015
kia_soldiers ဓာတ်ပုံ မူပိုင် AFP
Image caption ဖားကန့် ဒေသ တဝိုက် ရွာတွေ က စစ်ဘေး ရှောင် ဒုက္ခသည် ရာပေါင်း များစွာ ဟာ ဘာသာရေး အဆောက်အဦ တွေမှာ ပိတ်မိ နေကြဆဲ ဖြစ်ပါတယ်။

ကချင် ပြည်နယ် ထဲမှာ ဒေသခံ လက်နက်ကိုင် အဖွဲ့ ကေအိုင်အေ နဲ့ အစိုးရ တပ်တွေ အကြား တိုက်ပွဲ တွေဟာ အရှိန် လျော့ကျ လာခဲ့ပေမယ့် ဇန်နဝါရီ ၂၂ ရက် နေ့ အထိ ရင်ဆိုင် တိုက်ပွဲ တချို့ ဆက်လက် ရှိ နေဆဲ ဖြစ်ပါ တယ်။

အင်းတော်ကြီး နားက ညောင်ထောက် နဲ့၊ ကာမိုင်းနဲ့ မိုးကောင်း ကြားထဲက နေရာတွေ မှာ စစ်ကြောင်း လှုပ်ရှား နေတဲ့ နှစ်ဘက်တပ် တွေ ရင်ဆိုင် တိုက်ခိုက် မှု ဖြစ်ခဲ့တယ် လို့ ကေအိုင်အေ တပ်ရင်း ၆ က တပ်ရင်းမှူး အောင်ခဲတန်ဆန်း က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ့ တိုက်ပွဲတွေ အတွင်း လက်နက်ကြီးသံ တွေ တော့ မကြားရပဲ လက်နက်ငယ် ပစ်ခတ် သံ တွေ ကြားနေ ခဲ့ရ တယ် ဆိုပြီး ဒေသခံ တွေ ကလည်း အတည်ပြု ပြောကြား ပါတယ်။

ပြည်နယ် အစိုးရ ဝန်ကြီး နဲ့ ရဲ ၃ ဦးကို ကေအိုင်အေ က ထိန်းသိမ်း ခဲ့တဲ့ နောက်ပိုင်း ကချင် ပြည်နယ် တွင်း တိုက်ပွဲ တွေ ပြန်လည် ဖြစ်လာ ခဲ့တာ မှာ ဖမ်းဆီး ထားသူ တွေ အားလုံး လွတ်မြောက် လာပေမယ့် တိုက်ပွဲတွေ အဆုံးမသတ် နိုင် ဖြစ်နေ ကြတာပါ။

ဖားကန့် အနီး တိုက်ပွဲ စဖြစ်ခဲ့ရာ အောင်ဘာလေ၊ ကံစီး နဲ့အနီးအနား ရွာတွေ က စစ်ဘေးရှောင် ဒုက္ခသည် ရာပေါင်း များစွာ ဟာ ခရစ်ယာန် ဘုရား ကျောင်း နဲ့ ဘုန်းကြီး ကျောင်းတွေ မှာ ဆက်လက် ခိုလှုံ နေရဆဲ ဖြစ်ပြီး၊ အစိုးရ စစ်တပ် က သူတို့ကို တခြား နေရာ ထွက်သွား ခွင့် မပေးဘူး လို့ ရွာသားတွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ