ကလေး​စစ်​သား ပပျောက်​ရေး မြန်မာ အစိုးရ​အနေ​နဲ့ ပိုမို လုပ်ဆောင်​ဖို့ လိုအပ်

  • 23 ဇန်နဝါရီ 2015
burma_child_soldiers_ ဓာတ်ပုံ မူပိုင် AP
Image caption ကလေး စစ်သား မသုံးရေး ကုလသမဂ္ဂ ပဋိညာဉ် ကို ၂၁၀၂ ခုနှစ် တုန်းက မြန်မာ နိုင်ငံက လက်မှတ် ရေးထိုးခဲ့။

မြန်မာ စစ်တပ် ဟာ ရှိနှင့်ပြီး ကလေး စစ်သားတွေ ကို ပြန်လည် လွှတ်ပေး တာမျိုး ပြုလုပ်ခဲ့ ပေမယ့် တဘက်မှာ လည်း ကလေး စစ်သားသစ် စုဆောင်းတာ မျိုး ဆက်လက် လုပ် ဆောင် နေကြောင်း တိုင်ကြားမှု တွေ ရရှိ ထားတယ် ဆိုပြီး ကလေးစစ်သား ပပျောက်ရေး လှုပ်ရှား နေတဲ့ နိုင်ငံတကာ အဖွဲ့ Child Soldiers International က ပြောလိုက် ပါတယ်။

ကလေး စစ်သား မသုံးရေး ကုလသမဂ္ဂ ပဋိညာဉ်ကို ၂၁၀၂ ခုနှစ် တုန်းက မြန်မာ နိုင်ငံ က လက်မှတ် ရေးထိုး ခဲ့ပြီး နောက်ပိုင်း တကယ်တမ်း လိုက်နာ ဆောင်ရွက်မှု ရှိမရှိကို Child Soldiers International အနေနဲ့ စောင့်ကြည့် လေ့လာ နေတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၃ ရက် နေ့က ထုတ်ပြန် လိုက်တဲ့ ကြေညာချက် ထဲမှာတော့ မြန်မာ အစိုးရ အနေနဲ့ ကလေးစစ်သား ပပျောက် ရေး အတွက် ဆောင်ရွက် ရမှာ တွေ အများကြီး လိုအပ် နေသေးတယ် ဆိုပြီး Child Soldiers International က ဝေဖန် ထားပါတယ်။

ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာ နိုင်ငံမှာ ကလေးစစ်သား စုဆောင်းတာ ကို အစိုးရ တပ်ကရော တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကပါ ပြုမူ နေကြကြောင်း ဒါပေမယ့် အခု နောက်ဆုံး ထုတ်ပြန် လိုက်တဲ့ ကြေညာချက် ထဲမှာ ကုလသမဂ္ဂ နဲ့ လက်မှတ် ရေး ထိုး ထားတဲ့ မြန်မာ အစိုးရရဲ့ ဆောင်ရွက် ချက်တွေ ကိုသာ အထူး အာရုံစိုက် ထောက်ပြထားတာ ဖြစ်ကြောင်း Child Soldiers International ရဲ့ ပြောခွင့်ရ Charu Lata Hogg က ဆိုပါတယ်။

ကလေး စစ်သား အဖြစ် စုဆောင်း ခံရတာကနေ ကင်းဝေးဖို့ မြန်မာပြည် မှာ ကလေး သူငယ် တွေတိုင်း အတွက် မှတ်ပုံတင် သက်သေခံ ID ကတ်ပြားတွေ ရှိသင့်ကြောင်း၊ စစ်သားသစ် စုဆောင်းရေး နဲ့ ပတ်သက်ပြီး လက်အောက်ခံ တပ် အားလုံးက လိုက်နာရတဲ့ ခိုင်မာတဲ့ တစ်ခုတည်းသော မူဝါဒ မျိုး အစိုးရ စစ်တပ် မှာ ရှိသင့်ကြောင်း နဲ့ ကလေးစစ်သား အဖြစ် သိမ်းသွင်းမှု မှာ ပါဝင် ပတ်သက်သူ အားလုံးကို အရေးယူ အပြစ်ပေး သင့်ကြောင်း Charu Lata Hogg က တိုက်တွန်း ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ