ကချင် ဆရာမ ၂ ဦး စျာပန ကျင်းပ

  • 23 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ကချင် နှစ်ခြင်း ခရစ်ယာန် သင်္ချိုင်းမှာ မြေမြှုပ် သဂြိုဟ် ခဲ့ပါတယ်

ရှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ပန်းဆိုင်း ကြူကုတ် မြို့ ကောင်းခါး ကျေးရွာမှာ ရှိတဲ့ ခရစ်ယာန် ကျောင်းဝင်း အတွင်း အဓမ္မ ပြုကျင့် ပြီး အသတ်ခံ ရတဲ့ စေတနာ့ ဝန်ထမ်း ကျောင်း ဆရာမ (၂) ဦးရဲ့ ဈာပနကို ကချင် ပြည်နယ် မြစ်ကြီးနား မြို့မှာ ပြုလုပ် ခဲ့ သလို ရန်ကုန်မှာ လည်း လွမ်းသူ့ ပန်းခွေချ ဆုတောင်းခဲ့ ပါတယ်။

ဆရာမ(၂) ဦးရဲ့ ရုပ် အလောင်း တွေကို မူဆယ် ကနေ သယ်ဆောင် လာပြီး မြစ်ကြီးနား မြို့ ရောက်ရှိ ချိန်မှာ တော့ ထောင်သောင်း ချီတဲ့ လူအုပ် ကြီးက ကြိုဆို ခဲ့ကြ ပါတယ်။

ဈာပန ကို ကချင် နှစ်ခြင်း ခရစ်ယာန် ကျမ်းစာ သင်ကျောင်း ဝင်း အတွင်း ပြုလုပ် ခဲ့တာ ဖြစ်ပြီး ဒီအခမ်း အနားကို ၈၈ ကျောင်းသား အဖွဲ့၊ ကချင် ကေအိုင်အေ တပ် နဲ့ အရပ်ဖက် အဖွဲ့တွေက ဝမ်းနည်းခြင်း သဝဏ်လွှာ တွေ ပေးပို့ခဲ့ ပါတယ်။

ညနေပိုင်း မှာတော့ ဆရာမ (၂) ဦးရဲ့ ရုပ် အလောင်းတွေကို ကချင် နှစ်ခြင်း ခရစ်ယာန် သင်္ချိုင်းမှာ မြေမြှုပ် သဂြိုဟ် ခဲ့ပါတယ်။

အသတ် ခံရတဲ့ ကျောင်းဆရာမ (၂)ဦး အတွက် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထဲက လွတ်လပ်ရေး ကျောက်တိုင်မှာ လည်း အမျိုး သမီး ကွန်ရက် အဖွဲ့ဝင်တွေ နဲ့ တိုင်းရင်းသူ အမျိုးသမီး (၁၀၀)ကျော် လောက်က လွမ်းသူ့ ပန်းခွေချ ဆုတောင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။

ဒီပွဲ ကနေ ကျောင်း ဆရာမ (၂) ဦး အတွက် အမှုမှန် ပေါ်ပေါက်ရေး အမျိုး သမီး အဖွဲ့တွေ က စုပေါင်း တောင်းဆို မယ်လို့ အမျိုး သမီး ကွန်ရက်က ညှိနှိုင်းရေး မှူး မမာမာချို က ပြောပါတယ်။ ဒီပွဲကို တက်ရောက်တဲ့ ရှမ်း တိုင်းရင်းသူ အမျိုး သမီး တစ်ဦး ကတော့ အသတ်ခံ ရတဲ့ ဆရာမတွေ အတွက် အရမ်း ဝမ်းနည်း ကြေကွဲ ရပါ တယ်လို့ ဆိုပါတယ်။

ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် က စေတနာ့ ဝန်ထမ်း ကျောင်းဆရာမ (၂) ဦး ဟာ ဇန်နဝါရီလ (၁၉) ရက် နေ့ည က သူတို့ နေထိုင်တဲ့ ခရစ်ယာန် ကျောင်းဝင်း အတွင်း အဓမ္မပြုကျင့် ခံရပြီး အသတ် ခံခဲ့ ရတာ ဖြစ်ပါတယ်။

အသတ်ခံရ ချိန်မှာ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း (၅၀၃) က တပ်လာချ နေချိန် နဲ့လည်း တိုက်ဆိုင် နေတယ်လို့ မြန်မာ နိုင်ငံ အမျိုး သမီး များ အဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး မဂျူလီယာ က ပြောပါတယ်။

လောလောဆယ် မှာတော့ အာဏာပိုင်တွေ ဘက်ကလည်း အသတ်ခံ ရတဲ့ ဆရာမ (၂) ဦးရဲ့ သက်သေခံ ပစ္စည်းတွေ ကို သိမ်းဆည်း ထားပြီး အမှု ဖြစ်ပွား ခဲ့တဲ့ ရှမ်းပြည်နယ် ကောင်းခါး ကျေး ရွာက ရွာခံတွေ ကိုရော တပ်မတော် တပ် စခန်းက တပ်ဖွဲ့ဝင် တွေ ကိုပါ စစ်ဆေး နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ