ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကြီးကျည်ကြောင့် ရွာသားနှစ်ဦး ဒဏ်ရာရ

  • 24 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Kachin Land News
Image caption ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ နေ့စဉ် ရက်ဆက် ဆိုသလို ဖြစ်ပွားနေ

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် ဝမ်းဆိုင်း အုပ်စု ဝမ်းဆိုင်း ပန်ကင်း ကျေးရွာပေါ် စနေနေ့ နေ့လည် ၁၁နာရီခွဲ လောက်က လက်နက်ကြီးကျည် ကျမှန်ပြီး ရွာသား အဘိုးအို နှစ်ဦး ဒဏ်ရာ ရသွားပါတယ်။

တဦးက နဖူးမှာ၊ တဦးက ဗိုက်မှာ ဒဏ်ရာရခဲ့ပြီး အခုအခါ မူဆယ် ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

ဒဏ်ရာ ရသူတွေကို ဆေးရုံပို့ဖို့ အလာ လမ်းမှာ အစိုးရတပ်နဲ့ တွေ့ပြီး အစိုးရ တပ်က လူနာတွေကို ဆေးကုသ စောင့်ရှောက်မှုတွေ လုပ်ပေးခဲ့တယ်လို့ အဲဒီရွာရဲ့ မုံးပေါ် ကချင်နှစ်ခြင်း ဘုရားကျောင်းက ဓမ္မ ဆရာတဦးက ဘီဘီစီကို ပြောပြပါတယ်။

အဲဒီလို ဆေးကုသနေတုန်းမှာပဲ KIA လို့ ယူဆရတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့ အဲဒီ အစိုးရတပ်အကြား တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အစိုးရ တပ်က ရွာထဲကို ကျခဲ့တဲ့ အမြောက်ကျည်ဟာ အနောက်ပိုင်းမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ အစိုးရတပ်က ပစ်လိုက်ပုံ ရကြောင်း ရွာသားတွေကို ပြောတယ်လို့ ဆိုပါတယ်။

အဲဒီလို အမြောက်ကျည် ကျခဲ့အပြီး ထိတ်လန့်နေတဲ့ ရွာသားတွေက ဘုရားကျောင်းမှာ လာရောက် ခိုလှုံနေကြတယ်လို့ အဲဒီ ဆရာက ပြောပြပါတယ်။

အခုရက်ပိုင်း အတွင်း ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲတွေ နေ့စဉ် ရက်ဆက်ဆိုသလို ကြိုကြား ကြိုကြား ဖြစ်နေတယ်လို့ KIA ပြောခွင့်ရ ပုဂ္ဂိုလ် ဉီးလနန်း က ပြောပါတယ်။