တရုတ်​ကို မြန်မာ​ဆန် တရားဝင်​ရောင်း​မယ့် ကုမ္ပဏီ နာမည်​တွေ အကြံပြု

  • 24 ဇန်နဝါရီ 2015
_rice_myanmar_
Image caption အကြံပြု ထားတဲ့ ဆန်ကုမ္ပဏီ တွေဟာ အများပိုင် ကုမ္ပဏီ လည်း ဖြစ်၊ ကျောထောက် နောက်ခံ အဖွဲ့အစည်း တွေလည်း ရှိကြတယ် လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

မြန်မာဆန် တွေကို တရုတ် နိုင်ငံဆီ တရားဝင် တင်ပို့ နိုင်ရေး အတွက် ၂ နိုင်ငံကြား ဆွေးနွေး နေကြတာ ရဲ့ ရလာဒ် အဖြစ် တရုတ် ဘက်က ရွေးချယ် စာချုပ်ချုပ် ဖို့ရာ ကုမ္ပဏီ နာမည် တွေ ကို အကြံပြုပါ ဆိုပြီး တောင်းခံ လာတဲ့ အပေါ် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ကုမ္ပဏီ ၉ ခု ရဲ့ အမည်စာရင်း ပေးပို့ ထားပါတယ်။

အဲဒီ့ ကုမ္ပဏီတွေ ဟာ ဆန်စပါး အသင်းချုပ်၊ ဆန်ကုန်သည် အသင်း၊ ဆန်စက်ပိုင်း အသင်း၊ မန္တလေး ကုန်စည်ဒိုင် အသင်း နဲ့ မူဆယ် ဆန်ကုန်သည် အသင်း စတဲ့ အသင်း တွေ က ဖွဲ့စည်း ထားတဲ့ အများပိုင် ကုမ္ပဏီ လည်း ဖြစ်၊ ကျောထောက် နောက်ခံ အဖွဲ့အစည်း တွေ ရှိကြတဲ့ ကုမ္ပဏီ တွေ ဖြစ်ကြတယ် လို့ မြန်မာ နိုင်ငံ တောင်သူ လယ်သမားများ အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်း က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ကပဲ ဆန်တင်ပို့ရေး နဲ့ ပတ်သက်ပြီး တရုတ်-မြန်မာ ၂ နိုင်ငံ အကြား ဆန် အရည် အသွေး စစ်ဆေးမှု ဆိုင်ရာ အချက်အလက် တွေ နဲ့ ပတ်သက်ပြီး သဘောတူ လက်မှတ် ရေး ထိုး နိုင်ခဲ့ပါတယ်။

ဒီ လို သဘောတူ နိုင်ခဲ့တဲ့ အတွက် တရားဝင် ဆန်ပို့ လို့ ရသွားပြီး အရင်က မြန်မာပြည် က ဝင်လာတဲ့ မှောင်ခို ဆန်တွေ ကို တရုတ်နိုင်ငံ အတွင်း စီမံချက် ကာလနဲ့ ကြုံရင် အဖမ်းခံရ တဲ့ အခက်အခဲ မျိုး ကနေ ဆန်ကုန်သည် တွေ အတွက် သက်သာ နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဘက်ကလည်း တရုတ်နဲ့ သဘောတူ ထားတဲ့ အရည် အသွေး သတ်မှတ်ချက် စံနှုန်း တွေ က အာဖရိက နဲ့ ဥရောပ စျေးကွက် တွေထက်ကို မြင့်နေတဲ့ အတွက် မှောင်ခို စီးဆင်းမှု ပျောက်သွား နိုင်လောက်အောင် တရုတ်ဆီ ကို ဆန်တန်ချိန် များများ တရားဝင် တင်ပို့ နိုင်မလား ဆိုတာ မသေချာဘူး လို့လည်း ဒေါက်တာ စိုးထွန်း က ဆိုပါတယ်။

အခွန် အနေနဲ့ ကလည်း ၁၄ % ပေး ဆောင်ရမှာ ဖြစ်လို့ သိပ် တွက်ခြေ ကိုက်မယ့် အနေအထား တော့ မမြင်ရ သေးကြောင်း ဒေါက်တာ စိုးထွန်း က သုံးသပ်ပါတယ်။

တရုတ်က တရားဝင် ဆန် မ၀ယ်ယူ သေးတဲ့ အချိန် ကတည်းက မြန်မာ နိုင်ငံရဲ့ ဆန် ၆၀-၇၀% တရုတ်ပြည် ဘက်ကို စီးဆင်း နေခဲ့တာ ဖြစ်တယ်လို့ လည်း ဒေါက်တာ စိုးထွန်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ