၂၀၁၅-၁၆ ဘတ်ဂျက်ငွေ လွှတ်တော်မှာ ဆွေးနွေး

  • 26 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၅-၂၀၁၆ အသုံးစရိတ် ဘတ်ဂျက်ငွေအတွက် ဆွေးနွေး

လာမယ့် ဧပြီလမှာ စတင်မယ့် ၂၀၁၅-၁၆ ဘတ်ဂျက်ငွေအတွက် ဝန်ကြီးဌာန တခုချင်း အလိုက် မူဝါဒ၊ ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေကို ပြည်ထောင်စု လွှတ်တော်မှာ ဇန္နဝါရီလ ၂၆ရက်နေ့ကနေ စတင် ဆွေးနွေးနေပြီဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အသုံးစရိတ် က ကျပ်ငွေ ဘီလျံနဲ့ ဆိုရင် နှစ်သောင်း ရှစ်ရာကျော် ရှိပါတယ်။

အစိုးရ ဝင်ငွေက ကျပ်ငွေ ဘီလျံ တသောင်း ခုနှစ်ထောင် ကျော် ဖြစ်တဲ့အတွက် လိုငွေက ဘီလျံ သုံးထောင့် ရှစ်ရာ ကျော်ဖြစ်ပါတယ်။

အခုနှစ်မှာ အများဆုံး သုံးမယ့် ဝန်ကြီးဌာနက ဘဏ္ဍာရေး ဝန်ကြီးဌာနဖြစ်ပြီး ဒုတိယ အများဆုံး အသုံးစရိတ်က စွမ်းအင် ဝန်ကြီးဌာန၊ တတိယ အများဆုံးက ကာကွယ်ရေး ဝန်ကြီးဌာန စတာတွေအတွက် ရာထားတယ်လို့ အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းဖြင့်အောင်က ပြောပါတယ်။

ပညာရေးနဲ့ ကျန်းမာရေးမှာလည်း အသုံးစရိတ် ပိုသုံးဖို့ ရာထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အစိုးရ သုံးမယ့် လစာငွေအပါအဝင် သာမန် အသုံးစရိတ်က ကျပ်ငွေ ဘီလျံ တသောင်းခွဲ ရှိရာမှာ ဝန်ထမ်းလစာ တိုးဖို့ ပါပေမယ့် ဘယ်လောက်တိုးမလဲ ဆိုတာကိုတော့ လောလောဆယ် အသေးစိတ် မသိရသေးဘူးလို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄-၁၅ နှစ် ဘတ်ဂျက်ငွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ၂၀၁၅-၁၆ ဘတ်ဂျက်ငွေက ဘီလျံ တထောင်ကျော် လျှော့နည်း နေတာကိုလည်း တွေ့ရပါတယ်။