ဘာသာကူးပြောင်းခြင်း ဥပဒေကို အမျိုးသား လွှတ်တော် စတင်ဆွေးနွေး

  • 26 ဇန်နဝါရီ 2015
Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption ဘာသာ ကူးပြောင်းခြင်း ဥပဒေကို အမျိုးသား လွှတ်တော်မှာ ထောက်ခံ ဆွေးနွေးသူ ပိုများ

မျိုးစောင့် ဥပဒေလို့ လူသိများတဲ့ ဥပဒေ ၄ ခု ထဲက ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော် မှာ ဇန်နဝါရီ ၂၆ ရက်နေ့က စတင် ဆွေးနွေး နေပါတယ်။

ဆွေးနွေးဖို့ အဆိုပြုထားတဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၂ ယောက်မှာ ၁၁ ယောက် ဆွေးနွေးပြီး ဖြစ်လို့ နောက် တစ်ယောက်ပဲ ဆွေးနွေးဖို့ ကျန်ပါတယ်။

ဆွေးနွေးပြီးခဲ့သူတွေထဲမှာလည်း ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ထောက်ခံသူ ၇ ယောက် ရှိပြီး ကန့်ကွက်သူ ၄ ယောက် ရှိတဲ့ အတွက် ထောက်ခံတဲ့ ဘက်က အများစု ဖြစ်နေပါတယ်။

ဒီဥပဒေကို ထောက်ခံ ဆွေးနွေးသူ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ က ဦးခင်မောင်လတ် ကတော့ ဒီဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်မှာ နိုင်ငံသားတိုင်းဟာ ဘာသာရေး သာသနာရေးတို့မှာ တန်းတူ ညီမျှ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ရှိတယ်လို့ ပါတဲ့ အတွက် ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

ဒီဥပဒေမှာ ဘာသာတရား တစ်ခုရဲ့ အမည်၊ လူမျိုး တစ်မျိုးရဲ့ နာမည်ကို ထည့်သွင်းထားတာ မတွေ့ရဘူးလို့လည်း သူက ပြောပါတယ်။

ကန့်ကွက် ဆွေးနွေး ခဲ့သူ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ က လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူ ကတော့ လူတိုင်းရဲ့ မွေးရာပါ အခွင့် အရေး ဖြစ်တဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်နဲ့ ဘာသာကူးပြောင်းခွင့် တို့ကို အခု ဥပဒေက ထိန်းကျောင်းသလို ဖြစ်နေလို့ ကန့်ကွက်ခဲ့တာလို့ ပြောပါတယ်။

လောလောဆယ် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်း ပါဝင်တဲ့ မျိုးစောင့် ဥပဒေလို့ လူသိများတဲ့ ဥပဒေတွေထဲက နှစ်ခုကို လွှတ်တော် နှစ်ရပ်မှာ ခွဲပြီး ဆွေးနွေးဖို့ တင်ထားကြပြီး ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းတွေကို အသေအချာ စိစစ်ကြဖို့နဲ့ ဒီဥပဒေကြမ်း တွေကို အတည်ပြုလိုက်ခြင်းဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နောက်ကြောင်းပြန်တာကို ပြသမှု တစ်ခု အဖြစ် မြင်နိုင်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီလီက မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ပြောထား ပါတယ်။