သမ္မတရုံး ထောက်လှမ်းရေး ဖွဲ့

  • 27 ဇန်နဝါရီ 2015
naypyidaw ဓာတ်ပုံ မူပိုင်
Image caption အကြမ်းဖက် အန္တရာယ် အတွက် လုံခြုံရေး တိုးချဲ့

သတင်းအချက်အလက်နဲ့ စုံစမ်းထောက်လှမ်းရေး ဆိုင်ရာ ဆက်သွယ် ဆောင်ရွက်ရေး ဌာန တခုကို သမ္မတရုံး က ဖွဲ့စည်း လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ အကြမ်းဖက်မှု ခြိမ်းခြောက်မှု တွေ အတွက် သက်ဆိုင်ရာ ဌာန တွေနဲ့ အမြန် ဆက်သွယ် နိုင်အောင် ဖွဲ့စည်းတာ လို့ ဆိုပါတယ်။

တဖက်မှာလည်း ရွေးကောက်ပွဲ ကလည်း နီးလာပြီ ဖြစ်လို့ နိုင်ငံရေးသမား တွေကို နှိပ်ကွပ်ဖို့လား ဆိုပြီး ဝေဖန်ပြောဆိုမှုတွေလည်း ထွက်လာပါ တယ်။

သမ္မတရုံးက ဖွဲ့စည်း လိုက်တဲ့ ဌာနက စုံစမ်း ထောက်လှမ်းရေး ဆိုင်ရာ အချက်အလက် တွေကို လိုအပ်ရင် လိုအပ် သလို စုစည်းဖို့ ဆက်သွယ်ရေး ဌာန ဖြစ်ပါတယ်။

နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တွေရဲ့ လှုပ်ရှားမှုတွေကို အလျင်အမြန် သိရှိနိုင်ဖို့ လိုတဲ့ အတွက် ဖွဲ့စည်းတာ ဖြစ်တယ်။

လက်ရှိ မှာတော့ စစ်ဘက် ဆိုင်ရာ ထောက်လှမ်းရေး ၊ ရဲအထူး တပ်ဖွဲ့ ၊ စသုံးလုံး စတဲ့ ထောက်လှမ်းရေး ဆိုင်ရာ သတင်း အချက်အလက် တွေကို ဌာန တခုနဲ့ တောင်းခံတဲ့အခါ စာတတန် ပေတတန်နဲ့ တောင်းခံ ရတယ်။

သမ္မတရုံး မှာ သတင်း အချက်အလက် ဆိုင်ရာ ဆက်သွယ်ရေး ဌာန ဖွင့်လိုက်တဲ့ အတွက် သမ္မတရုံးအနေနဲ့က လိုအပ်ရင် လိုအပ်သလို ဆက်သွယ်ဆောင်ရွက် သွားနိုင်တယ်။

သမ္မတ ရုံး က ဖွဲ့စည်း လိုက်တဲ့ သတင်း အချက်အလက် ဆက်သွယ်ရေး ဌာန အနေနဲ့ တပ်ရင်း တပ်ဖွဲ့ ပုံစံမျိုးနဲ့ ဖွဲ့စည်း ထားခြင်း မရှိသလို နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ဖို့ ဆိုတာလည်း မဟုတ်ဘူး လို့ သမ္မတရုံး က အဆင့်မြင့် အရာရှိ တဦးက ရှင်းပြပါတယ်။

သမ္မတရုံး က တိုက်ရိုက် ကိုင်တွယ် တဲ့ ထောက်လှမ်းရေး ဌာနမျိုး ရှိသင့် သလား

နိုင်ငံတကာ မှာရော ဘယ်လို ဖွဲ့စည်းမှု တွေ ရှိသလဲ ထိုင်းနိုင်ငံ ကျူလာ လောင်ကောင်း တက္ကသိုလ် နိုင်ငံရေး နဲ့ လုံခြုံရေး ဆိုင်ရာ ပါမောက္ခ ပနိထန်း ဝပ်ထနား ယားကောန်းကို မေးကြည့် တော့ နိုင်ငံတိုင်းရဲ့ အစိုးရ အဖွဲ့မှာ ဗဟို ထောက်လှမ်းရေး ဌာနတွေ ရှိသင့် ပါတယ်။

ထိုင်းနိုင်ငံ မှာဆို အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကို ဝန်ကြီးချုပ်ရုံး လက်အောက်မှာ ထားပါတယ်။ အမေရိကန် ဆိုရင်တော့ စီအိုင်အေ ဆိုတာ ရှိပါတယ်။

တချို့ နိုင်ငံက စစ်တပ် ကိုပဲ အသုံးပြု ပါတယ်။

နိုင်ငံတော် လုံခြုံရေး အတွက် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့တွေနဲ့ ပတ်သက်ပြီး တနိုင်ငံနဲ့ တနိုင်ငံ သတင်း အချက်အလက် ဖလှယ်ဖို့ လွယ်ကူဖို့ ဗဟို ထောက်လှမ်းရေး ဌာန ကို ထားကြပါတယ်။

တချို့ နိုင်ငံ တွေက ဗဟို ထောက်လှမ်းရေး အဖွဲ့ ဖွဲ့ပြီးရင် တိုင်းပြည် လုံခြုံရေး အတွက် သုံးရမယ့် အစား အတိုက်အခံ နိုင်ငံရေး သမား တွေကို နှိပ်ကွပ် ဖို့ သုံးသွား တာမျိုး လည်း ရှိကြပါတယ်။

မှန်မှန်ကန်ကန် အသုံးချတာ ဟုတ်မဟုတ် ကို ထိန်းကျောင်း နိုင်ဖို့ အတွက် လွှတ်တော်မှာ စိစစ်ရေး ကော်မရှင် ဖွဲ့ပြီး စောင့်ကြည့်ရ တာမျိုးကို လုပ်နိုင်တယ် လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံ သမ္မတ ရုံး အနေနဲ့ အမျိုးသား ထောက်လှမ်းရေး ဌာနကို ဖွဲ့ချင်ပေမယ့် လည်း ပြီးခဲ့တဲ့ ကာလက နိုင်ငံရေး သမား တွေကို နှိပ်ကွပ် ခဲ့တဲ့ နာမည်ပျက် ရှိတာကြောင့် မဖွဲ့နိုင်တာ ဖြစ်တယ် လို့ သမ္မတရုံး တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ