သပိတ်ကျောင်းသားတွေ တောင်သာ ရောက်ပြီ

  • 27 ဇန်နဝါရီ 2015
Police briefly block  student march between Myingyan and Taungthar.
Image caption ကျောင်းသားတွေကို သံဆူးကြိုးတွေကာပြီး ပိတ်ဆို့တားဆီးခဲ့

အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်တဲ့ အနေနဲ့ မန္တလေးကနေ ရန်ကုန်ကို လမ်းလျောက် ချီတက်နေတဲ့ သပိတ်မှောက် ကျောင်းသားတွေကို မြင်းခြံက အထွက်မှာ လုံခြုံရေးတွေက သံဆူးကြိုးတွေ အဆင့်ဆင့်ကာပြီး ညနေပိုင်းအထိ ပိတ်ဆို့ထားခဲ့ပါတယ်။

အဲဒီလို ပိတ်ဆို့ထားချိန်မှာ ပညာရေးဝန်ကြီးဌာနက အာဏာပိုင်တွေက လာရောက် ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးခဲ့တဲ့ အတွက် တောင်သာမြို့ကို ကျောင်းသားတွေ ဆက်လက် ချီတက်ခဲ့ကြ ပါတယ်။

လာရောက် ဆွေးနွေးကြသူတွေ ထဲမှာ အထက် မြန်မာပြည်နဲ့ အောက်မြန်မာပြည်က အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တွေ၊ မန္တလေးနဲ့ မြင်းခြံက ပါမောက္ခချုပ်တွေ ပါဝင်ပါတယ်။

ဝန်ကြီးဦးအောင်မင်း အပါအဝင် ပညာရေး ဝန်ကြီးဌာန ဘက်က တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဒီမိုကရေစီ ပညာရေး ဦးဆောင် ကော်မတီက ကျောင်းသား ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ ကမ်းလှမ်း ထားပါတယ်။

Image caption ပညာရေး ဝန်ကြီးဌာန တာ၀န်ရှိသူတွေက ကျောင်းသားတွေနဲ့ လာရောက် ဆွေးနွေး

အစိုးရ၊ လွှတ်တော်၊ NNER လို့ ခေါ်တဲ့ မြန်မာ နိုင်ငံ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက်နဲ့ ကျောင်းသားတွေပါဝင်တဲ့ အဖွဲ့ ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးခွင့် ရဖို့ တောင်းဆိုထားတဲ့ ကျောင်းသားတွေ ဘက်ကတော့ အခု ဆွေးနွေးမှုကနေ အဖြေ တစ်ခု ရဖို့တော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

သူတို့ တောင်းဆိုတဲ့ အဖွဲ့လေးဖွဲ့နဲ့ ဆွေးနွေးမှု နည်းလမ်းနဲ့သာ ပညာရေး ဥပဒေကို နည်းလမ်းမှန်မှန်နဲ့ ပြင်ဆင်နိုင် မယ်လို့ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ မဖြိုးဖြိုးအောင်က ပြောပါတယ်။

ပညာရေး ဝန်ကြီးလည်း လွှတ်တော်ကို ရောက်လာ

တချိန်တည်း အင်္ဂါနေ့ကပဲ ပညာရေး ဝန်ကြီး ဒေါ်ခင်စန်းရီ ဦးဆောင်တဲ့ အဖွဲ့က လွှတ်တော် ဥပဒေကြမ်း ကော်မတီနဲ့ တွေ့ဆုံ ပြီး ပညာရေး ဥပဒေ ပြင်ဆင်ရေး ကိစ္စကို ဆွေးနွေးခဲ့ ပါတယ်။

ကျောင်းသားတွေ ထောက်ပြတဲ့ အမျိုးသား ပညာရေး ကော်မရှင် ဆိုတာဟာ ဗဟိုချုပ်ကိုင်မှုလို ဖြစ်နေတယ် ဆိုတဲ့ ကိစ္စနဲ့ ပညာရေး ဥပဒေထဲမှာ လိုအပ်တာတွေ ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ ကြတယ်လို့ လွှတ်တော် ဥပဒေကြမ်း ကော်မတီမှာ ပါတဲ့ မွန်ပြည်နယ် ဘီးလင်း မြို့နယ် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးအောင်က ပြောပါတယ်။

လွှတ်တော်ပိုင်းကတော့ ပညာရေး ဥပဒေ ဆိုတာဟာ နိုင်ငံရဲ့ ပညာရေး စနစ် အတွက် လမ်းညွှန်ချက် ချထားပေးတဲ့ မူဝါဒသာ ဖြစ်တဲ့ အတွက် ပြင်ဆင်ဖို့ လိုတယ်မထင်ကြောင်းသူက ပြောပါတယ်။

ဒါပေမဲ့ ဒီဥပဒေကို အစိုးရပိုင်းက အကောင်အထည်ဖော်ရာမှာ အခက် အခဲရှိရင်တော့ ခက်ခဲတဲ့ အပိုင်းကို ပြင်ဆင်ချက် ပေးပို့လာရင် လွှတ်တော်ပိုင်းက တတ်နိုင်သလောက် ကူညီသွားမယ်လို့ ဒေါက်တာ စိုးမိုးအောင်က ပြောပါတယ်။

ပညာရေး ဝန်ကြီးဘက်က လာရောက် ဆွေးနွေးရာမှာ ကျောင်းသားတွေ ဘက်က လိုလား တောင်းဆိုချက်တွေကို ပြောပြပြီး လွှတ်တော်နဲ့ ကျောင်းသားတွေ ဆွေးနွေးဖို့လည်း အဆိုပြုသွားတယ်လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ