ကချင် လုံခြုံရေး တွေ တိုးမြှင့်

  • 28 ဇန်နဝါရီ 2015
kachin ဓာတ်ပုံ မူပိုင် Getty
Image caption နယ်မြေ အပြိုင် လိုချင်ရာက တိုက်ပွဲတွေ ဖြစ်

ကချင် ပြည်နယ်မှာ အစိုးရ တပ်နဲ့ ကချင် လက်နက်ကိုင် ကေအိုင်အေ အကြား ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဖားကန့် ဒေသ အပါအဝင် လုံးခင်း မြို့တွေမှာ ဗုံးပေါက်ကွဲမှု တွေ ဆက်တိုက် ဖြစ်ပေါ် နေရတဲ့ အတွက် လုံခြုံရေး တွေ တိုးမြှင့် နေ တယ် လို့ ဒေသခံတွေက ပြောပါတယ်။

အခုဆိုရင် အစိုးရ တပ် နဲ့ ကေအိုင်အေ အကြား မှာ ရင်ဆိုင် တိုက်ပွဲ တွေ မဖြစ်တာ ၄-၅ ရက် လောက် ရှိလာပြီ ဖြစ်လို့ တိုက်ပွဲ အခြေ အနေ အေးဆေး သွားပြီ လို့ ပြောလို့ ရပေမယ့် အစိုးရ အုပ်ချုပ်ရေး အဖွဲ့ ရုံးနေရာ တွေ ကို အဓိက ပစ်မှတ် ထား ပြီး ဗုံးခွဲမှု တွေ နေ့စဉ် ရက်ဆက် ဆိုသလို ပေါ် ပေါက် လာနေတယ် ဆိုပြီး ဖားကန့် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့ ဥက္ကဋ္ဌ ဦး တင်စိုးက ဘီဘီစီကို ပြောပါတယ်။

အခုလို လုံခြုံရေး အခြေ အနေ စိုးရိမ် ရမှုတွေ ကြောင့် အခင်း ဖြစ်ရာ ဒေသ တွေမှာ ညနက်ပိုင်း မရောက်ခင် စောစော စီးစီးမှာကို လမ်းတွေပေါ် လူတွေ သိပ် မထွက်ဘဲ ခြောက်ကပ် နေတယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ခဲ့ရာ ဖားကန့် ဒေသဟာ ကျောက်စိမ်း လို အဖိုးတန် သယံဇာတ ထွက်ရှိတဲ့ ဒေသ ဖြစ်လို့ အစိုးရ နဲ့ ကေအိုင်အေ အကြား နယ်မြေ ပိုင်စိုးနိုင်မှု ကို အပြိုင် လိုချင်နေတဲ့ အနေအထား ကနေ တိုက်ပွဲတွေ ဖြစ်လာခဲ့တာ လို့ ဦးတင်စိုးက သုံးသပ်ပါတယ်။

လောလောဆယ် မှာ ရင်ဆိုင် တိုက်ပွဲတွေ ငြိမ်သက် သွားတယ် ဆိုပေမယ့် ဖားကန့် ဒေသရဲ့ ငြိမ်းချမ်းရေး က ရေရာမှု မရှိ နိုင်ဘူးလို့ ဒေသခံ တွေ က စိုးရိမ် နေပါတယ်။

၂ ဘက်တပ် တွေဟာ တဘက်နဲ့ တဘက် ဆိုင်ထား ဆဲ အခြေ အနေ ဖြစ်လို့ အချိန်မရွေး ပြန်လည် ဖြစ်ပေါ် လာနိုင် သလို ရေရှည် ငြိမ်းချမ်းရေး အတွက် ရေရေရာရာ တွေ့ဆုံ ဆွေးနွေး ကြတာမျိုး မရှိဘူး ဆိုပြီး ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦး လမိုင်ဂွန်ဂျာ က ပြောပါတယ်။

ကေအိုင်အေနဲ့ အစိုးရတပ် တွေ အကြား ၂ဝ၁၂ ခုနှစ် တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့ လာကတည်းက စစ်ဘေးရှောင် ဒုက္ခသည် တွေ များစွာ ကိုယ့်ရပ်ရွာကို မပြန် နိုင် ဖြစ်နေကြတာ မှာ အခု လတ်တလော စစ်ပွဲတွေ ကြောင့် နောက်ထပ် ထောင်နဲ့ ချီတဲ့ ဒုက္ခသည် တွေ ဟာ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်း တွေ မှာ ခိုလှုံ နေရဆဲ ဖြစ်ပါတယ်။

အဲဒိ ဒုက္ခသည် တွေ ကို ထောက်ပံ့ ကူညီရေး အလှူပစ္စည်း တွေ ပေးတဲ့ အခါမှာလည်း တင်းကြပ်မှု တွေ ရှိပြီး အစိုးရက တဆင့် ဖြစ်စေ၊ အစိုးရ အသိအမှတ် ပြုထားတဲ့ အဖွဲ့အစည်း တွေက တဆင့် ဖြစ်စေသာ သွားရောက် နိုင်တယ် လို့ ဒေသခံတွေ က ပြောကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ