ချင်းပြည်နယ်မှာ လက်ဝါးကပ်တိုင် ဖယ်ခိုင်း

  • 29 ဇန်နဝါရီ 2015
chin
Image caption ရန်ကုန်ရောက် ချင်း လူမျိုးတွေ စုပေါင်း ဆုတောင်း

ချင်းပြည်နယ် ဟားခါး မြို့တော် ရဲ့ ကျာရ်တလန် တောင်ကုန်း ပေါ်က ခရစ်ယာန် လက်ဝါးကပ်တိုင် ကို ပြည်နယ် အစိုးရ က သောကြာနေ့ အပြီး ဖယ်ရှားရမယ် ဆိုတဲ့ အမိန့် ထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေရဲ့ ကန့်ကွက် မှု ကြောင့် ကြာသပတေး နေ့ က ဟားခါးက ရပ်မိရပ်ဖတွေ၊ ခရစ်ယာန် ဘာသာ ရေး အဖွဲ့ အစည်း တွေကို ပြည်နယ် ဝန်ကြီးချုပ်က ခေါ်တွေ့ပြီး ပြန်လည် စဉ်စားမယ် လို့ ပြောလာပါတယ်။

အဲဒိ လက်ဝါးကပ်တိုင် စိုက်ထူထားတဲ့ ကျာရ်တလန် တောင်ကုန်း ဆိုတာ ဟားခါး က ဖလမ်းဘက်ကို သွားတဲ့လမ်း မှာ ရှိပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ် ဝန်းကျင် က ပုဂ္ဂလိက ပရဟိတသမား တဦးက အဲဒိ ပတ်ဝန်းကျင် တဝိုက် မှာ ပရဟိတ ဂေဟာ ဆောက်လုပ် ဖို့ မြေတွေကို ရှင်းလင်းပြီး အဆောက်အဦ တွေ ဆောက်လုပ် လာခဲ့ တာနဲ့ အတူ အနီးက တောင်ကုန်း ပေါ် မှာလည်း ၅၄ ပေ အမြင့် ရှိ တဲ့ ခရစ်ယာန် ဘာသာရေး အထိမ်း အမှတ် လက်ဝါးကပ်တိုင် တခု စိုက်ထူ ခဲ့ပါတယ်။

ချင်းပြည်နယ် အစိုးရ ဘက်က အခုလို အဆောက်အဦ တွေ ဆောက်ဖို့ မြေတွေ ရှင်းတဲ့ အခါ သစ်ပင်တွေ အများကြီး ခုတ်လှဲ ပစ်ခဲ့တာ၊ မြေပိုင်ဆိုင်မှု ကို တင်ကြို တောင်းခံ တာ မျိုး မလုပ်ခဲ့တာ နဲ့ ပတ်သက် ပြီး မြေစာရင်း ဌာန နဲ့ သစ်တော အပါအဝင် အစိုးရ အဖွဲ့ တွေက အဲဒိ နေရာကို သွားရောက် စစ်ဆေးတဲ့ အခါမှာ ဥပဒေ နဲ့ ငြိစွန်းနေတယ် ဆိုပြီး သတ်မှတ် ထားခဲ့ ကြောင်း၊ ချင်းပြည်နယ် ရဲ့ စီမံကိန်း နဲ့ စီးပွားရေး ဝန်ကြီး ဦး Ram Mang က ဘီဘီစီ ကို ပြောပါတယ်။

ဟားခါး မြို့တော် တိုးချဲ့ရေး၊ နှစ် ၃ဝ မြို့ပြ စီမံကိန်း မြေ နယ်နမိတ်မှာ လက်ဝါးကပ်တိုင် ရှိရာ တောင်ကုန်း ပါနေလို့ တခြားနေရာကို ရွှေ့ပါ ဆိုပြီး ချင်းပြည်နယ် အစိုးရ က တောင်းဆို ခဲ့ကြောင်း ဝန်ကြီး ဦး Ram Mang က ပြောပါ တယ်။

ပြည်နယ် အစိုးရ ဘက် က လက်ဝါးကပ်တိုင် ဖယ်ရှား ပေးဖို့ စာထုတ် ခဲ့တဲ့ အပြင် လက်ဝါးကပ်တိုင် ထူထောင် ရာ မှာ ပါဝင်သူ တချို့ သစ်ပင် တွေ တရားမဝင် ခုတ်လှဲ လို့ ဆိုပြီး သစ်တော ဥပဒေ နဲ့ တရားစွဲဆို ခံလာရ တဲ့ အခါ ဒေသခံတွေ အပါအဝင် ပြည်တွင်း ပြည်ပ က ကန့်ကွက်သံတွေ ထွက်ပေါ် လာခဲ့ ပါတယ်။

လက်ဝါးကပ်တိုင် ဖယ်ရှားခိုင်း နေတာ ကို ရပ်တန့် ပါ ဆိုပြီး ထိုင်း အခြေစိုက် ချင်း လူ့အခွင့်အရေး အဖွဲ့က စာထုတ် ခဲ့တာ မှာ ချင်းပြည်နယ် မှာ ခရစ်ယာန် ဘာသာ ကို ခွဲခြား ဆက်ဆံ ခံနေရတဲ့ ဖြစ်ရပ် တွေ ရှိနေပြီး လက်ရှိ ချင်းပြည်နယ် အစိုးရ လက်ထက် မှာ ဖျက်ဆီး ခံရတဲ့ လက်ဝါးကပ်တိုင် ၄ ခု ရှိသွား ပြီ လို့ ဖော်ပြ ထားပါတယ်။

ရန်ကုန်က မြို့တော် ခန်းမ အရှေ့မှာ လည်း ကျာရ်တလန်ကုန်း လက်ဝါးကပ်တိုင် မဖယ်ရှယ်ရေး အတွက် ရန်ကုန်ရောက် ချင်း လူမျိုးတွေ စုပေါင်း ပြီး ဆုတောင်းပွဲ လုပ်လာ ခဲ့ပါတယ်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ကလည်း ဒေသခံတွေ ကို ခေါ်တွေ့ ပြီး လက်ဝါးကပ်တိုင် ကိစ္စ အရေး ကို ချင်းပြည်နယ် အစိုးရ က ပြန်လည် စဉ်းစား ပေးမယ် ဆို ပြီး ခေါ် ပြောခဲ့တယ် လို့ ဝန်ကြီး ဦး Ram Mang က ပြောပါတယ်။

သောကြာ နေ့မှာ လက်ဝါးကပ်တိုင် အရေး ဆက် ဆွေးနွေးဖို့ ချင်းပြည်နယ် အစိုးရ အစည်းအဝေး ခေါ် ထားတယ် လို့ ဝန်ကြီး ဦး Ram Mang က ပြောထားပါတယ်။