တပ်မတော်ရဲ့ တိုက်ခိုက်ရေးအသုံးစရိတ် များသလား

  • 29 ဇန်နဝါရီ 2015
Burma, Defence, Budget ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၁၄-၂၀၁၅ က ကာကွယ်ရေးအသုံးစရိတ် ကျပ် ဘီလျံ ၂၆၀၀ ကျော်ရှိ

အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ ဒီတစ်ပတ်အတွင်း အစိုးရဘက်ကနေ လာမယ့်ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာန အသီသီးရဲ့ ဘတ်ဂျက်တွေကို အဆိုပြုထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဘက်ကလည်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် လာရောက်ပြီး လာမယ့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ် ၂၆၁၂ ဘီလျံ နဲ့ လျာထားတဲ့ လစာတိုးမှုတွေ အပါအဝင်ဆိုရင် စုစုပေါင်း ကျပ်ဘီလျံ ၂၇၅၀ လောက် တင်ထားပါတယ်။

အဲဒီထဲမှာ တိုက်ခိုက်ရေးအတွက် ၃၃ ရာခိုင်နှုန်း သုံးစွဲပြီး အဲဒီထဲမှာ သံချပ်ကာကားတွေ၊ လေယာဉ်၊ အမြောက်၊ လက်နက်ခဲယမ်းတွေ ၀ယ်ယူမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီလတုန်းကတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက် ကျပ် ဘီလျံ ၂၃၀၀ နီးပါး တောင်းခံခဲ့ပါတယ်။ နောက်ပြီး နှစ်ကုန်ခါနီးမှာ ထပ်တိုးဘတ်ဂျက်လည်း တောင်းခံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကာကွယ်ရေးအသုံးစရိတ်တွေနဲ့ပတ်သက်ရင် ပွင့်လင်းမြင်သာမှုနည်းသလို အခုလို တိုက်ခိုက်ရေး အသုံးစရိတ်တွေ ဆက်များနေတာဟာ ဆက်ပြီး တိုက်ခိုက်နေဦးမယ့် သဘောဖြစ်တာကြောင့် နိမိတ်တော့ သိပ်မကောင်းကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်၊ လွှတ်တော် ငွေစာရင်း ကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်။

ကာကွယ်ရေးအသုံးစရိတ်တွေ များနေတာဟာ အရင်နှစ်တွေတုန်းက ကာကွယ်ရေးအတွက် ဝန်ကြီးဌာနတချို့က စိုက်ထုတ်ပေးရတဲ့ စနစ်ကို ဖျက်သိမ်းလိုက်တာကြောင့် ဒီနှစ်မှာ ဆက်များနေတာလည်း ဖြစ်နိုင်ကြောင်း သူက ပြောပါတယ်။

ဒါပေမယ့် ဘတ်ဂျက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်တွင်းမှာ ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

အာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ တပ်မတော် အရာရှိဟောင်းလည်း ဖြစ်တဲ့ ဦးလှဆွေကတော့ လက်ရှိ ကာကွယ်ရေး အသုံးစရိတ်တွေက လျော့ချဖို့ မလိုအပ်သေးကြောင်း နဲ့ မီးမလောင်ခင် မီးသတ်ကား ဝယ်ထားတဲ့ သဘောလို့ ယူဆကြောင်း သူက ဆိုပါတယ်။

တိုက်ခိုက်ရေး အသုံးစရိတ်တွေ ဆက်များနေတာဟာ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပိုဖြစ်လာမှာကို စိုးရိမ်ကြသူတွေလည်း ရှိပါတယ်။

ဦးလှဆွေကတော့ တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေကို နှိပ်ကွပ်ချင်လို့ မဟုတ်ဘဲ အဲဒီဒေသတွေက အခြေအနေတွေကို ထိန်းသိမ်းတဲ့အနေနဲ့ တိုက်ခိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။