ဆန္ဒပြကျောင်းသားတွေ ကျောက်ပန်းတောင်းမြို့ကို ရောက်

  • 29 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption လာမယ့် ဖေဖေါ်ဝါရီလ ၁ရက်နေ့ကျရင် ကျောင်းသားတွေ တောင်းဆိုထားတဲ့အတိုင်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ရှိ

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ချီတက် ဆန္ဒပြနေကြတဲ့ ကျောင်းသားအဖွဲ့ဟာ ဒီကနေ့မှာ ပုပ္ပါးမြို့ကနေ ကျောက်ပန်းတောင်းမြို့ကို ရောက်ရှိလာပါတယ်။

ကျောက်ပန်းတောင်းမြို့ အရောက်မှာ အရင်ဖြတ်ခဲ့တဲ့ မြို့တွေထက် များတဲ့ သိန်းနဲ့ ချီတဲ့ လူထုက ကျောင်းသားတွေကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

ရန်ကုန်မြို့အထိ ဆက်လျှောက်ဖို့ မိုင်၄ရာလောက် လိုနေသေးပေမယ့် စိတ်ဓါတ်အင်အားနဲ့ အတားအဆီးတွေကို ဖြတ်ကျော်သွားမယ်လို့ ဆန္ဒပြ ကျောင်းသားတဦးက ပြောပါတယ်။

ဆန္ဒပြ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အစိုးရ အပါအဝင် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွေကို လာမယ့် ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ ပြုလုပ်ပေးဖို့ အစိုးရဘက်က သဘောတူထားပြီး ဖြစ်ပါတယ်။

မနေ့ မနက်က ကျောင်းသား ခေါင်းဆောင်ကိုယ်စားလှယ် ၁၀ ယောက်နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအဝင် အစိုးရ ဝန်ကြီးတွေ၊ လွှက်တော် ဘက်က ကိုယ်စား လှယ်တွေ တွေ့ ဆုံခဲ့အပြီးမှာ အခုလို သဘောတူခဲ့တာ ဖြစ်ပါတယ်။

လှုပ်ရှားမှုတွေကို ရပ်မှာ မဟုတ်ပေမယ့် လှုပ်ရှားမှု ပုံစံကိုတော့ ပြောင်းကောင်း ပြောင်းဖို့ ရှိကြောင်းနဲ့ အစိုးရကို ဖိအားပေးတဲ့ အနေအထားမျိုး ဖြစ်ဖို့ များကြောင်း ဆန္ဒပြ ကျောင်းသား ခေါင်းဆောင် တဦးက ဘီဘီစီကို ပြောပါတယ်။

မနက်ဖြန် ဇန္နဝါရီလ ၃၀ရက်နေ့မှာတော့ ဂွေးချိုမြို့ကို ထွက်ခွာမှာ ဖြစ်ပြီး ဆွေးနွေးပွဲတွေ လုပ်မယ့် ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာတော့ ဆန္ဒပြ ကျောင်းသားတွေ ရေနံချောင်းမြို့မှာ ရှိနေမယ်လို့ သိရပါတယ်။