ကချင်ဆရာမတွေ အသတ်ခံရမှု KIA တပ်ဖွဲ့ဝင်နဲ့ မပတ်သက်ဘူးလို့ ငြင်း

  • 30 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ကချင်ဆရာမလေးတွေ အသတ်ခံခဲ့ရတဲ့ နေရာဟာ KIA တပ်ဖွဲ့ လှုပ်ရှားတဲ့ နေရာ မဟုတ်ဘူးလို့ ပြောခွင့်ရ ပုဂ္ဂိုလ်ပြော

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါး ကျေးရွာ ကချင် ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းမှာ ဇန်နဝါရီလ ၁၉ ရက်နေ့တုန်းက အဓမ္မ ပြုကျင့် အသတ်ခံ ခဲ့ရတဲ့ ကချင် လုပ်အားပေး ဆရာမတွေရဲ့ အမှုကိစ္စမှာ KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့က ဒုတပ်ကြပ်တဦး ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ သတင်းတွေ အင်တာနက် လူမှု ကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

အဲဒီ KIA ဒုတပ်ကြပ်ဟာ သေဆုံးသူ ဆရာမလေးတဦးနဲ့ ချစ်ကြိုက်နေသူ လို့လည်း ဖေါ်ပြထားပါတယ်။

ဒါပေမယ့် KIA ကတော့ ဒီကိစ္စဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လုံးဝ ပတ်သက်မှု မရှိဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာဟာ KIA တပ်ဖွဲ့ လှုပ်ရှားတဲ့ နေရာ မဟုတ်သလို သေဆုံးသူ ဆရာမနဲ့ KIA တပ်ဖွဲ့ဝင် ချစ်ကြိုက်နေတယ် ဆိုတဲ့ ပြောဆိုမှုတွေဟာလည်း အထောက်အထား မရှိဘူး လို့ KIA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ KIA တပ်ဖွဲ့ဝင်တွေကို စစ်ဆေး စုံစမ်းတာမျိုးကိုလည်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားချိန်တုန်းက အဲဒီနေရာမှာ ရောက်ရှိ စခန်းချခဲ့တဲ့ အစိုးရ စစ်တပ် စစ်ကြောင်းက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို သက်ဆိုင်ရာက DNA စစ်ဆေးမှုတွေ လုပ်ထားပြီး လောလောဆယ်မှာတော့ လက်သည် တရားခံ မပေါ်သေးပါဘူး။

ဒီအမှု ကိစ္စနဲ့ ပတ်သက်လို့ အစိုးရ စစ်တပ် တပ်ဖွဲ့ဝင်တွေအပေါ် ပုတ်ခတ် ပြောဆိုတာတွေကို အမှုမှန်ပေါ်တဲ့ အချိန်မှာ ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ တပ်မတော်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။