၆၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ ကျင်းပ

  • 31 ဇန်နဝါရီ 2015
karen_revolution_day
Image caption ကရင့်တော်လှန်ရေးနဲ့ ကျင်းပ

၆၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို KNLA တပ်မဟာ ၇ ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။

ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ ကေအင်ယူရဲ့ ဉက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လက်ရှိငြိမ်းချမ်းရေး ဆောင်ရွက်နေတာဟာ သွေးထွက်တဲ့တိုက်ပွဲ ကနေ သွေးမထွက်တဲ့ တိုက်ပွဲကို အသွင်ပြောင်း ဆင်နွှဲနေတာလို့ သူတို့ လက်ရှိငြိမ်းချမ်းရေး ဆောင်ရွက်ချက် တွေနဲ့ပတ်သက်ပြီးပြောသွားပါတယ်။

အခုနှစ် ကရင့်တော်လှန်ရေးနေ့ဟာ အရင်နှစ်တွေနဲ့ မတူဘဲ တမူထူးခြားပါတယ်။

အခမ်းအနား ကျင်းပတဲ့ KNLA တပ်မဟာ ၇ ဌာနချုပ် တည်ရှိတဲ့ သောင်ရင်းမြစ် ကမ်းနဖူးကို တက်လိုက် တာနဲ့ ကေအင်ယူစစ်သား၊ ကေအင်ယူက ခွဲထွက်သွားတဲ့ ဘီဂျီအက်ဖ်၊ ကေအင်ယူ၊ကေအင်အယ်အေပီစီ ဗိုလ်ချုပ် ထိန်မောင်အဖွဲ့နဲ့ မြန်မာစစ်သားတွေကို စစ်ယူနီဖေါင်းမျိုးစုံနဲ့ တွေ့ရပါတယ်။

အရင်က ဘတပြန် ကျားတပြန် သူသေ ကိုယ်သေ တိုက်ခဲ့ကြတဲ့ သူတွေဟာ ဖက်လဲတကင်းနဲ့ ရယ်ရယ် မောမောဖြစ်နေ ကြပါတယ်။

ဒီလို ဖြစ်လာ ရတာကလဲ ကေအင်ယူနဲ့ မြန်မာနိုင်ငံ အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ ရလဒ်လို့ ပြောလို့ရပါတယ်။

ဒါဟာ ကေအင်ယူ ခေါင်းဆောင်ပိုင်းက လူတွေ သေကြေရတဲ့ တိုက်ပွဲ ပုံစံကနေ၊ အသေအပျောက် မရှိတဲ့ ငြိမ်းချမ်းရေး စားပွဲပေါ်မှာ ဆွေးနွေးတဲ့ တိုက်ပွဲအဖြစ် ပြောင်းလိုက်တာကြောင့်လို့ ကေအင်ယူရဲ့ ဉက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောပါတယ်။

ကရင်အမျိုးသား ခေါင်းဆောင် စောဘဉီးကြီးရဲ့ မူအတိုင်း ကရင့်လက်နက်ကို ကရင့်လက်ထဲမှာ ကိုင်ထားပြီးတော့ သူတို့ရဲ့ ရပိုင်ခွင့် တွေကို ဆက်လက် တိုက်ပွဲ၀င်နေတာလို့ ဆိုပါတယ်။

လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတာ အနှစ် ၆၀ ကျော် ကြာလာတဲ့ အချိန်မှာတော့ တိုက်နေရတဲ့ သူတွေကော တိုက်ပွဲဒေသက လူထုတွေပါငြီးငွေ့လာကြပါတယ်။

လောလောဆယ် ကေအင်ယူနဲ့ အစိုးရ အပစ်အခတ် ရပ်စဲထားတဲ့ ၃ နှစ် အတွင်းမှာတော့ ကရင်ပြည်နယ်က လူထုတွေ ဝမ်းသာနေကြပါတယ်။

အခု တိုက်ပွဲတွေ မရှိတော့လို့ ကရင်ပြည်နယ် အတွင်းမှာ ပေါ်တာ ဆွဲတာတွေလည်း မရှိတော့တာကြောင့် လူကြီးလူငယ် တွေဟာ ကိုယ့်အိုးကိုယ့်အိမ်မှာ မိဘတွေနဲ့ အတူပြန်နေနိုင် လာကြပြီး ဒီလို အခြေအနေတွေ ပြန်ပြီး ပျောက်သွားမှာကို ကရင်ပြည်နယ်ထဲက လူထုတွေ စိုးရိမ် ပူပန်နေကြပါတယ်။