သပိတ် စစ်​ကြောင်း​ထဲ ထောက်လှမ်း​ရေး တွေ ပါဝင်​နေ

  • 1 ဖေဖော်ဝါရီ 2015
student_meeting
Image caption သပိတ်မှောက် ကျောင်းသားတွေ ကို အရေးမယူရ ကြိုတင် စည်းကမ်းကို အစိုးရ သဘောမတူ။

မန္တလေး ကနေ ရန်ကုန် ချီတက် နေတဲ့ သပိတ်မှောက် စစ်ကြောင်း ထဲမှာ စစ်ဖက် ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ယောက် ကျောင်းသား အယောင်ဆောင် လိုက်ပါ လာတယ် ဆိုပြီး သပိတ် စစ်ကြောင်း ကို ဦးဆောင် နေတဲ့ ဗကသ တာဝန်ခံ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။ အဲဒီ့ ၃ ယောက် စလုံးကို ရဲစခန်း ကို ကျောင်းသားတွေ က အပ်နှံ ခဲ့တယ် လို့လည်း သိရပါတယ်။

မနေ့က လုပ်ခဲ့တဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ပထမရက် က ထွက်ပေါ်လာတဲ့ ရလာဒ် တွေ အပေါ် မူတည်ပြီး သုံးသပ် ရရင်၊ သပိတ် အရှိန် ရပ်တန့် အောင် အစိုးရ အနေနဲ့ ဟန်ပြ လုပ်ဆောင် နေတယ် လို့ မြင်ကြောင်း ဗကသ ဗဟို လုပ်ငန်း ကော်မတီ ရဲ့ သတင်း ပြန်ကြားရေး တာဝန်ခံ သီဟဝင်းတင် က ပြောပါတယ်။

၄ ပွင့်ဆိုင် ဆွေးနွေးပွဲ မှာ ပညာရေး ဥပဒေ ပြင်ဆင်ရေး အတွက် သပိတ်မှောက် ကျောင်းသားတွေ က တောင်းဆိုထားတဲ့ အချက် ၁၁ ချက် ကို ဆွေးနွေး ခဲ့ကြတာ မဟုတ်ပဲ၊ ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ကျောင်းသားတွေ တင်ပြလာတဲ့ ကြိုတင် စည်းကမ်း သတ်မှတ်ချက် တချို့ ကိုသာ အစိုးရ က အကြမ်းမျဉ်း သဘောတူ ခဲ့တာ ဖြစ်လို့ အားရစရာ မရှိသေးဘူး လို့ ကိုသီဟဝင်းတင် က ဆိုပါတယ်။

ကြိုတင် စည်းကမ်းချက် တွေထဲက သပိတ်မှောက် ကျောင်းသားတွေ ကို အရေး မယူရ အချက် ကို အစိုးရ က တာဝန် မယူ ခဲ့ကြောင်း ဆွေးနွေးပွဲ ကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ NNER ကွန်ရက် က ဒေါက်တာ သိန်းလွင် က ပြောပါတယ်။

အစိုးရ ဟာ ဆွေးနွေးပွဲ ကို တစ်ဘက်က လုပ်ပြီး တစ်ဘက်ကလည်း လမ်းလျှောက် ချီတက် နေတဲ့ ဒီမိုကရေစီ ပညာရေး စစ်ကြောင်း အပေါ် ဖိအား ပေးနေတဲ့ အတွက် ယုံကြည်ရ ခက်နေကြောင်း ကိုသီဟဝင်းတင် က ပြောသလို၊ ဒီနေ့မှာ ရေနံချောင်း ကနေ ထွက်ခွာပြီး ချီတက်ပွဲ ပြန်လည် စတင်မယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ