ဒေါက်တာ သိန်းလွင်ကို NLD က အရေးယူမယ်လို့ ဆို

  • 2 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Dr Thein Lwin FB
Image caption ဒေါက်တာ သိန်းလွင် က အရေးယူ ရင်လည်း ခံမယ် လို့ဆို

အမျိုးသား ပညာရေး ဥပဒေ နဲ့ပတ်သက်ပြီး ကျောင်းသား၊ အစိုးရ၊ လွှတ်တော် တို့နဲ့အတူ လေးပွင့်ဆိုင် ဆွေးနွေးရာမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ ပညာရေး ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER မှာ ပါတီရဲ့ ခွင့်ပြုချက် မရဘဲ ဝင်ရောက် ဆောင်ရွက်တယ် ဆိုပြီး NLD ပါတီ အရံ ဗဟို ကော်မီတီဝင် ဒေါက်တာ သိန်းလွင်ကို အရေးယူမယ်လို့ NLD ကကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ ရဲ့ ခွင့်ပြုချက်ရ မှသာ အဲဒီလိုဆောင်ရွက် ခွင့် ရှိတယ်လို့ NLD ပါတီပြောခွင့်ရသူ တဦးဖြစ်တဲ့ ဗဟိုအလုပ် အမှုဆောင် ကော်မီတီဝင် ဦးဝင်းမြင့် က ပြောပါတယ်။

ဒေါက်တာသိန်းလွင်ကို ဘယ်လို အရေးယူ မယ်ဆိုတာကိုတော့ ပါတီစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကသာ ဆုံးဖြတ်မှာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်ကို ပါတီဗဟို အလုပ်အမှုဆောင် ကော်မီတီကို တင်ပြရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒေါက်တာ သိန်းလွင် ကတော့ သူ့ကို အရင်ကလည်း ဒီလိုပါဝင် ဆောင်ရွက် တာမျိုး ဆက်မလုပ်ဖို့ ပါတီခေါင်းဆောင်ပိုင်းက သတိပေးခဲ့တာ ရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ တော့ ပညာရေးဆောင်ရွက် နေတဲ့ ပညာရှင်၊ အဖွဲ့အစည်း တွေ ပါဝင် တဲ့ ကွန်ရက် ဖြစ်လို့ လူထုကို ကိုယ်စားပြုတဲ့ အတွက် ပါဝင်ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြန်ဖြေရှင်း ခဲ့တယ်လို့ ဆိုပါတယ်။

NLD က ဒေါက်တာ သိန်းလွင်ကို NNER မှာ ဘာကြောင့် မပါစေချင် တာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရ ပါဘူး။

ဒေါက်တာ သိန်းလွင် ကတော့ သူ့အနေနဲ့ NNER ကွန်ရက်မှာ ဆက်လက် ပါဝင်ဆောင်ရွက် မှာ ဖြစ်ပြီး NLD ပါတီက အပြစ်ပေးမယ် ဆိုရင်လည်း ခံယူမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူက အင်္ဂါနေ့ နေပြည်တော်မှာ ကျင်းပမယ့် နောက်ထပ် လေးပွင့်ဆိုင် ဆွေးနွေးပွဲ မှာလည်း တက်ရောက်မှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြမှုကို ဦးဆောင်တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မီတီ ကတော့ အန်အယ်ဒီ အနေနဲ့ အခုလို ကျောင်းသားတွေနဲ့ အစိုးရ ဆွေးနွေးနေချိန်နဲ့ အချိန်ကိုက်ပြီး NLD ကကြေညာချက် မထုတ်သင့်ဘူးလို့ ဆိုပါတယ်။