နိုင်ငံရေးအရ ဖိအားပေးတဲ့ အနေနဲ့ သပိတ် ဆက်မှောက်တာလို့ဆို

  • 2 ဖေဖော်ဝါရီ 2015
Boycott Students arrive at Daung They River ဓာတ်ပုံ မူပိုင် Nay Myo Kyaw NLD
Image caption မကွေး အဝင် ဒေါင်းသေချောင်း အရောက်မှာ ကျောင်းသားတွေ တားဆီးခံခဲ့ရ ( ဓါတ်ပုံ ကိုနေမျိုးကျော်)

ရေနံချောင်းမှာ ညအိပ် ရပ်နားခဲ့ကြတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် အဖွဲ့က သပိတ်မှောက် ကျောင်းသားတွေဟာ ဖေဖော်ဝါရီ ၂ ရက်နေ့က မကွေးမြို့အနီး ၈မိုင် အကွာက ကံပြားရွာကို ရောက်နေကြပါတယ်။

ရေနံချောင်းက အလာ ဒေါင်းသေချောင်းကို ကျောင်းသားတွေ အရောက်မှာ စီတန်းလှည့်လည်ခွင့် ဥပဒေကို ချိုးဖေါက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက လာရောက် ပြောဆို တားဆီးခဲ့ ပေမဲ့ သူတို့ ဆက်လက် ခရီးဆက်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ၄ ပွင့်ဆိုင် ဆွေးနွေးမှု ဆက်လုပ် နေချိန်မှာလည်း သပိတ်စစ်ကြောင်းက ဆက်လက် ချီတက်နေမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေး ဗဟိုလုပ်ငန်း ကော်မတီ ပြောခွင့်ရသူ ကိုရဲရင့်ကျော်က ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးပွဲ စတင်ချိန်မှာ သပိတ် နားထားမယ် ဆိုတဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးထားမှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာဆွေးနွေးပွဲ စလုပ်တဲ့ နေ့မှာ ရပ်နားမယ်လို့သာ သူတို့ ပြောထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သပိတ်ကို မရပ်နားတာဟာ နိုင်ငံရေး အရ ဖိအားပေးတဲ့ သဘောလို့ ကိုရဲရင့်ကျော်က ပြောပါတယ်။

လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်လာတာက ကျောင်းသား လှုပ်ရှားမှုကို ပြည်သူတွေ ပူးပေါင်းလာတဲ့ အတွက် ထိတ်လန့်တကြား ခေါ်ယူတာလို့ မြင်ကြောင်း သူက ပြောပါတယ်။

ကျောင်းသားတွေ ဘက်က တောင်းဆိုထားတဲ့ အချက် ၁၁ ချက်မှာ ဆက်လက် ဆုပ်ကိုင်ထားမယ့် အချက်တွေ ရှိသလို ညှိနှိုင်း ဖြေလျော့ ပေးနိုင်တာတွေကိုလည်း ဆွေးနွေး သွားမယ်လို့ ကိုရဲရင့်ကျော်က ပြောပါတယ်။