ပညာရေး ဥပဒေပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ပျက်ပြား

  • 3 ဖေဖော်ဝါရီ 2015
Students are in Magway ဓာတ်ပုံ မူပိုင် Nay Myo Kyaw
Image caption သပိတ် ကျောင်းသားတွေ မကွေးမြို့က ဗိုလ်ချုပ် အောင်ဆန်း ပန်းခြံရှေ့ကို ရောက်လာ

ဖေဖော်ဝါရီလ ၃ ရက်နေ့ နေပြည်တော်မှာ ဆက်လက် ဆွေးနွေးဖို့ စီစဉ် ထားတဲ့ ဆွေးနွေးပွဲ ပျက်သွားခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းမှာ ဆွေးနွေးဖို့ အစိုးရ ဘက်က ဆုံးဖြတ်ခဲ့ပါတယ်။

ဆွေးနွေးပွဲကို ကျောင်းသားတွေ ဘက်က နောက်ထပ် ၅ ယောက် ပါဝင်တက်ရောက်ခွင့် ပြုဖို့ အစိုးရ ဘက်က သဘောတူခဲ့ ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်နိုင်ဖို့ အစိုးရ၊ လွှတ်တော်၊ NNER ခေါ် မြန်မာ နိုင်ငံ ပညာရေး ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် နဲ့ ကျောင်းသားတွေ ပါဝင်တဲ့ ၄ ပွင့်ဆိုင် ဆွေးနွေပွဲ ပျက်သွား ရဲ့ အကြောင်းက ဆွေးနွေးပွဲတက်ရောက်တဲ့ ကျောင်းသားတွေဟာ သပိတ်မှောက် ကျောင်းသား တွေကို ဘယ်လောက် ကိုယ်စားပြုသလဲ ဆိုတာ တင်ပြဖို့ အစိုးရက တောင်းဆိုလို့ ဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်တဲ့ ကျောင်းသား တွေက ပြောပါတယ်။

သူတို့ အနေနဲ့ အစိုးရပိုင်းက တောင်းတဲ့ အထောက်အထားကို ချက်ချင်း ပေးနိုင်ခြင်း မရှိဘူး၊ အထောက်အထား ပြစေချင်ရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ဆွေးနွေးပွဲ ကတည်းက ကြိုတင်ပြောခဲ့ဖို့သင့်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ တွဲဖက် အတွင်း ရေးမှူး ကိုမင်းသွေးသစ်က ပြောပါတယ်။

ကျောင်းသားတွေက ဆွေးနွေးပွဲ ရှိလို့ သပိတ်ကို ခေတ္တ ရပ်ထားတာ ဖြစ်တယ်၊ အခု ဆွေးနွေးပွဲကို လာမယ့် ၁၂ ရက်နောက်ပိုင်းမှ ပြုလုပ်မှာ ဖြစ်လို့ အဲဒီ မတိုင်ခင် ချီတက် သပိတ်မှောက် တာကို ဆက်လုပ်သွားမယ်၊ အခုလည်း မကွေးမှာ ရောက်နေတဲ့ ကျောင်းသားတွေဆီ ပြန်သွားနေတယ် လို့လည်း သူက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကို ကိုယ်စားပြု ပြီး ဆွေးနွေးပွဲ မှာ ပါဝင်လာသူ ထဲက တစ်ယောက် ဖြစ်တဲ့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံ ချက်များ စိစစ်ရေး ကော်မတီဝင် ဒေါ်ခင်စောဝေကတော့ အစိုးရက ကျောင်းသားတွေရဲ့ ကိုယ်စားပြုမှုကို တောင်းဆိုတာဟာ နောင်လာမယ့် ဆွေးနွေးပွဲတွေ အတွက်လို့ သူနားလည်ကြောင်း ပြောပါတယ်။

ဘယ်ကျောင်းသားတွေဟာ ဘယ်သူ့ကို ကိုယ်စားပြုတယ် ဆိုတာ ဆွေးနွေးပွဲ တက်ကြသူတွေ သိဖို့ လိုတယ်လို့လည်း လွှတ်တော် ဘက်က ပြောပါတယ်။

ဆွေးနွေးပွဲ ပြုလုပ်လိုတဲ့ ရက်ကို ၁၂ ရက်နေ့ နောက်ပိုင်းမှာ ကျောင်းသား တွေနဲ့ NNER တို့က အစိုးရကို တင်ပြလာရင် အစိုးရ ဘက်က စီစဉ်ပေးမယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောကြောင်း ဒေါ်ခင်စောဝေက ဘီဘီစီကို ပြောပါတယ်။

ကျောင်းသားတွေက ပိုမို ကောင်းမွန်တဲ့ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး အတွက် ကြိုးပမ်း နေတယ်လို့ နားလည်တဲ့ အတွက် အားလုံး ဆွေးနွေး ညှိနှိုင်း အဖြေ ရှာစေချင်တယ်လိုလည်း သူက ပြောပါတယ်။

လွှတ်တော် အနေနဲ့ကတော့ သပိတ်ကြာရှည် မဖြစ်စေချင်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြဿနာ ပြေလည်စေချင်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ