၄ ပွင့်​ဆိုင် တက်​ခဲ့​တဲ့ ကျောင်းသား​တွေ​မှာ ကိုယ်စား​ပြု​မှု ရှိတယ်

  • 4 ဖေဖော်ဝါရီ 2015
student_meeting
Image caption ၄ပွင့်ဆိုင် ကျောင်းသား ကိုယ်စားလှယ် တွေဟာ သပိတ်မှောက် ကျောင်းသား အားလုံးကို ကိုယ်စား ပြုတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ၄ ပွင့်ဆိုင် ဆွေးနွေးရေး သွားတက် ခဲ့ကြတဲ့ ကျောင်းသား ကိုယ်စားလှယ် တွေဟာ အဲဒီ့ ပညာရေး ဥပဒေ အပေါ် မကျေနပ်ဘဲ သပိတ်မှောက် နေကြ တဲ့ မြန်မာပြည် တလွှား က ကျောင်းသားထု အားလုံး ကို ကိုယ်စားပြု တယ် လို့ ကိုယ်တိုင် တက်ခဲ့တဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ရဲ့ တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ် က ပြောပါတယ်။

နေပြည်တော် ၄ ပွင့်ဆိုင် ဆွေးနွေးရေး ကို အစိုးရ က ပြည်ထောင်စု နေ့ နောက်ပိုင်းမှ ပြန်စမယ် လို့ ရွှေ့ဆိုင်း ခဲ့သလို လာတက် ကြတဲ့ ကျောင်းသား တွေ မှာ ကိုယ်စားပြုမှု ဘယ်လောက် ရှိသလဲ ဆိုတဲ့ အမေး ထွက်လာခဲ့ တဲ့ အပေါ် ကျောင်းသား သပိတ်ကို ဦးဆောင်နေတဲ့ ဗကသ က အခုလို တုန့်ပြန် လိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ပညာရေး တောင်းဆို နေကြတဲ့ သပိတ်မှာက် ကျောင်းသားတွေ ရဲ့ မန္တလေး-ရန်ကုန် လမ်းလျှောက် ချီတက် နေတာ အခုဆို မကွေးမြို့ ကို ကျော်ပြီး တောင်တွင်းကြီး မြို့ကို မရောက်ခင် သစ်ရာကောက် ရွာ မှာ ညအိပ် ရပ်နားနေပါတယ်။

ပုသိမ် ကနေ လည်း ဧရာဝတီ စစ်ကြောင်း ဆိုပြီး ရန်ကုန် ကို ဦးတည်လို့ ဗကသ အဖွဲ့တွေ ဦးဆောင် ထွက်လာ နေတာမှာ ကျောင်းကုန်းမှာ ညအိပ်မယ် လို့ သိရပါတယ်။

အထက်ဗမာပြည် က ချီတက် လာသူ တွေ ကို ထောက်ခံတဲ့ အနေနဲ့ အခုလို ထွက်လာရတာ ဖြစ်တဲ့ အပြင် အစိုးရ က ညှိနှိုင်းဖို့ ပျက်ကွက်တဲ့ အတွက် ကြောင့်လည်း ချီတက် လာရကြောင်း ဧရာဝတီ ဗကသ တစ်ဦး ဖြစ်တဲ့ ကိုအောင်ခန့်ဇော် က ဘီဘီစီ ကို ပြောပါတယ်။

ကျောင်းကုန်း အဝင်မှာ မြို့နယ် အာဏာပိုင် တွေ က သပိတ်မှောက် ကျောင်းသား တွေ ကို ဟန့်တား မေးမြန်းမှု တွေ လုပ်ခဲ့ပြီး ခွင့်ပြုချက် မရပဲ စီတန်း လှည့်လည်မှု ကြောင့် သတိပေး ခဲ့တယ် လို့ ကျောင်းသား ခေါင်းဆောင် တွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ