UPWC နဲ့ NCCT တို့ ဖေဖော်ဝါရီ ၁၃ နောက်ပိုင်း တွေ့မယ်

  • 5 ဖေဖော်ဝါရီ 2015
UPWC and NCCT Meeting in Chiangmai
Image caption ချင်းမိုင်မှာလုပ်တဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေ ဆွေးနွေးပွဲမှာ အပစ်ရပ်ရေး ဆွေးနွေးမယ့်ရက် သဘောတူခဲ့ ( ဓါတ်ပုံ ကိုညိုအုန်းမြင့်)

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို အခုလ ၁၃ ရက်နေ့ နောက်ပိုင်း ရန်ကုန်မှာ ဆွေးနွေးဖို့ သဘော တူညီခဲ့ကြ ပါတယ်။

UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ နဲ့ NCCT တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ပြီးအခုလို သဘောတူခဲ့တာ ဖြစ်ပါတယ်။

အစိုးရ ဘက်က ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ NCCT ဘက်က နိုင်ဟံသာနဲ့ ပဒိုကွယ်ထူးဝင်းတို့ ဦးဆောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ သမ္မတ ဦးသိန်းစိန်က လိုလားပေမဲ့ စာချုပ်ပါ အချက်တချို့ကို တရားဝင်ဆွေးနွေး အဖြေရှာဖို့ လိုနေသေးတဲ့ အတွက် ဖြစ်နိုင်ချေ မရှိတော့ပါဘူး။

လာမယ့် ဆွေးနွေးပွဲမှာ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး အပါအဝင် အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ပါတဲ့ အချက်အလက်တွေထဲက ဆွေးနွေးဖို့ ကျန်နေတာတွေကို သဘောတူ နိုင်မယ့် အလားအလာ ရှိတယ်လို့ အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ အကြီးတန်း အကြံပေးဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

အခုတစ်ခေါက် ဆွေးနွေးပွဲက ပြည်ထောင်စုနေ့ တက်ရောက်ဖို့ ဖိတ်ကြားတာ၊ ပြည်ထောင်စုနေ့မှာ ကြေညာချက် တစ်ခု ထုတ်နိုင်ရေးနဲ့ လာမယ့် ဆွေးနွေးပွဲ အတွက် ရက်သတ်မှတ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြတာသာဖြစ်ပြီး နောက်ဆုံး အကြိမ်ဆွေးနွေးခဲ့တုန်းက ညှိနှိုင်းလို့ မရသေးတာတွေကို ဆက်လက် ဆွေးနွေးတဲ့ပွဲ မဟုတ်ဘူးလို့ NCCT ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

UNFC ညီညွှတ်သော တိုင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက ကမ်းလှမ်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု အကောင် အထည်ဖေါ်ရေး စာချုပ်ကို ပြည်ထောင်စုနေ့မှာ ချုပ်ဆိုဖို့ ကိစ္စမှာလည်း အစိုးရဘက်က သုံးတဲ့ စာသားနဲ့ UNFC က သုံးတဲ့ စာသား ကွဲလွဲနေလို့ ဆက်လက်ညှိနှိုင်းဖို့ လိုသေးတယ်လို့ သူက ပြောပါတယ်။

အစိုးရ ကိုယ်စားလှယ်တွေဟာ မနက်ပိုင်းက RCSS/SSA နဲ့ တွေ့ဆုံခဲ့တဲ့ အပြင် UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီနဲ့ လည်း ဆွေးနွေးခဲ့ပါတယ်။