ဦးအောင်မင်းနဲ့ အဖွဲ့ ကေအိုင်အိုနဲ့တွေ့ဆုံ

  • 6 ဖေဖော်ဝါရီ 2015
UPWC meets KIO ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဦးအောင်မင်းဦးဆောင်တဲ့ အဖွဲ့နဲ့ ကေအိုင်အိုတို့ ၁ နာရီလောက် ဆွေးနွေးခဲ့ (ဓါတ်ပုံ ညိုအုန်းမြင့်)

UPWC မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း အဖွဲ့က ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့က ကေအိုင်အို အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းသား ဗိုလ်လောင်း ၂၃ ယောက် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ တင်ပြ ဆွေးနွေးခဲ့ရာမှာ ဒီဖြစ်ရပ် အတွက် စိတ်မကောင်းကြောင်း ဦးအောင်မင်းက ပြောတယ်လို့ ကေအိုင်အို အထွေထွေ အတွင်း ရေးမှူး ဒေါက်တာ လဂျာက ပြောပါတယ်။

ဒါပေမဲ့ အဲဒီ ဖြစ်ရပ် နဲ့ပတ်သက်လို့ နှစ်ဘက် ပါတဲ့ စုံစမ်း ရေး အဖွဲ့ ဖွဲ့ပြီး စုံစမ်းဖို့ ကေအိုင်အိုက အစိုးရ ဘက်ကို အရင်ကတည်းက တင်ပြထားတဲ့ ကိစ္စကိုတော့ အခုထိ အစိုးရဘက်က လက်မခံ သေးဘူးလို့ သူက ပြောပါတယ်။

ဖြစ်ရတဲ့ အကြောင်းရင်းကို သိရှိမယ် ဆိုရင် နောင်မှာ အလားတူ မဖြစ်ရလေအောင် ကာကွယ်တားဆီးနိုင်မှာ ဖြစ်တယ်လို့ ကေအိုင်အို ဘက်က ပြောပါတယ်။

အဲဒီ ဖြစ်ရပ် နောက်ပိုင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရ ဘက်က ထိုးစစ်တွေ တိုးမြှင့်လာပြီး တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့ အတွက် နှစ်ဘက် ယုံကြည်မှု ကျဆင်းခဲ့တယ်လို့ ဒေါက်တာ လဂျာက ပြောပါတယ်။

ဒါကြောင့် အစိုးရ ဘက်က ဗိုလ်လောင်းတွေ သေဆုံး ရတဲ့ အကြောင်းရင်းကို သိရအောင် လုပ်ဖို့ လိုတယ်လို့ သူကပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်တာဟာ အစိုးရ စစ်စခန်းတွေကို သွားရောက် ပစ်ခတ်လို့ ဖြစ်တာ မဟုတ်ကြောင်းနဲ့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်မလာခင် ဖြေရှင်းဆောင်ရွက်နိုင်အောင် အစိုးရ စစ်တပ်နဲ့ ကေအိုင်အိုတို့ ပူးပေါင်းဖွဲ့ထားတဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့ကိုလည်း အသုံးမချလို့ ဖြစ်တာလို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီလက် ၁၂ရက်နေ့ ပြည်ထောင်စုနေ့အခမ်းအနားကို ကေအိုင်အေဘက်က တက်ရောက်ဖို့ မြန်မာ အစိုးရက လာရောက်ဖိတ်ကြားရင်းနဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ