၄​ပွင့်​ဆိုင် ပြန်​စ​ရေး အကြို ဆွေး​နွေးမယ်

  • 8 ဖေဖော်ဝါရီ 2015
student_meeting
Image caption ၄ ပွင့်ဆိုင် ကို တံခါးပိတ် ဆွေးနွေးတာမျိုး ကျောင်းသားတွေ ဘက်က မလုပ်ချင်။

ဖေဖေါ်ဝါရီ ၉ ရက် တနင်္လာနေ့ မှာ ပညာရေး ဒုတိယဝန်ကြီး ဦးသန့်ရှင်း နဲ့ သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ် တချို့ ရန်ကုန်မြို့ အဆင့်မြင့် ပညာ ဦးစီးဌာနရုံး မှာ တွေ့ဆုံပြီး လေးပွင့်ဆိုင် ပြန်လည် တွေ့ဆုံရေး အတွက် ညှိနှိုင်းကြ မှာ ဖြစ်ပါတယ်။

လေး ပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်စဖြစ် ခဲ့ရင် အစိုးရက အကြံပြု သလို တံခါးပိတ် ဆွေးနွေးပွဲ မျိုးကို ကျောင်းသား တွေ ဘက်က မလုပ်ချင်ပဲ အများပြည်သူ နဲ့ မီဒီယာ ရှေ့မှောက် မှာသာ ပွင့်ပွင့် လင်းလင်း ဆွေးနွေး လိုတယ် လို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ရဲ့ ဦးဆောင် ကော်မတီဝင် ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင် က ပြောပါတယ်။

ချီတက် နေကြတဲ့ ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းကို ဟန့်တားမယ်လို့ ယူဆရတဲ့ လုံခြုံရေး တပ်ဖွဲ့တွေကလည်း သပိတ်စစ်ကြောင်း ဆက်လက် ချီတက်မယ့် ပဲခူးတိုင်း အဝင်မှာ နေရာ ယူထားကြပါတယ်။

ပြီးခဲ့တဲ့ ဆွေးနွေးပွဲ အတွေ့အကြုံ အရ အစိုးရ ဟာ သဘောတူ ကြေညာချက် တစ်ဘက်က ထုတ်ပြန်ချိန် မှာ တစ်ဘက်က ကျောင်းသားတွေ အပေါ် ဖိအားပေး မှုတွေ ပြုလုပ်တဲ့ လုပ်နည်း လုပ်ဟန် တွေဟာ ဆွေးနွေးပွဲ တကယ်တမ်း လုပ်လို သလား ဆိုတဲ့ အပေါ် မေးခွန်းထုတ် စဖွယ် ဖြစ်တဲ့ အတွက် ကျောင်းသားတွေ ဘက်ကလည်း သပိတ်ကြောင်း ချီတက်မှု တွေ ဆက်လက် ပြုလုပ်ပြီး တွေ့ဆုံရေးကို အဆက်မပြတ် တောင်းဆို နေရတာ ဖြစ်တယ် လို့ မဖြိုးဖြိုးအောင် က ဆိုပါတယ်။

တတိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့ ပညာရေး အတွက် ချီတက်နေတဲ့ သပိတ် စစ်ကြောင်း ဖြစ်တာနဲ့ အညီ အားပေး ဝန်းရံ ကူညီသူတွေ ဟာ ကျောင်းသားတွေ သက်သက် မဟုတ်ပဲ လူထု လူတန်းစား အကုန် ပါဝင်တာ မှန်တယ် ဆိုပြီး မဖြိုးဖြိုးအောင် က ပြောသလို ဘယ်သူ့ရဲ့ ကြိုးကိုင်မှု မှ မခံပဲ ဦးဆောင် ကော်မတီ ၁၅ ဦး ရဲ့ တာဝန် ခံမှုတွေ နဲ့ ဆုံးဖြတ် ကြတာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ပညာရေး ဥပဒေ ပြင်ဆင်ဖို့ ကျောင်းသား လှုပ်ရှားမှု ကို ဆူပူလိုသူ တွေက အသုံးချ နေတယ်လို့ အစိုးရ ရဲ့ ပြောဆိုချက် တွေကို သပိတ်မှောက် ကျောင်းသားတွေ က ငြင်းပယ်ထားပြီး လှုပ်ရှားမှု တွေကို အကြမ်းဖက် ဖြိုခွဲချင် တဲ့ အတွက် အခုလို စွပ်စွဲတာ ဖြစ်တယ် လို့ တုန့်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ